အီရန်ရဲ့ ရန်လိုတိုက်ခိုက်လာနိုင်ခြေ မှန်သမျှကို ကိုင်တွယ်နိုင်တယ်လို့ အစ္စရေးစစ်တပ်ပြော

ဧပြီ၊ ၇

အီရန်ဖက်က ဘယ်လို ခြိမ်းခြောက် တိုက်ခိုက်လာတဲ့ အခြေအနေမျိုးကိုမဆို ကိုင်တွယ်နိုင်စွမ်း ရှိတယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက် မြို့ထဲက အီရန် ကောင်စစ်ဝန်ရုံးကို အခုလ အစောပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အပြီး အီရန်နဲ့ ဆက်ဆံရေး အတင်းမာဆုံး ဖြစ်နေချိန်မှာ အစ္စရေးက အခုလို မှတ်ချက်ပေးခဲ့တာပါ။ အီရန်နဲ့ ဆီးရီးယား အစိုးရတွေက သံရုံးကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဟာ အစ္စရေး လက်ချက်လို့ စွပ်စွဲပြီး အီရန်က လက်တုံ့ပြန်မှာ ဖြစ်တာကြောင့် ကမ္ဘာအနှံ့က အစ္စရေး သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေ လုံခြုံမှု ရှိတော့မှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်ခဲ့ပါတယ်။

လတ်တလောမှာတော့ အရှေ့အလယ်ပိုင်း ဒေသထဲက အမေရိကန်နဲ့ အစ္စရေး သံရုံးအားလုံးဟာ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ကြုံလာနိုင်ခြေအတွက် တပ်လှန့် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

 အစ္စရေးစစ်တပ် (IDF)ရဲ့ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ဟာဇီ ဟာလီဗီကတော့ IDFဟာ အီရန်ကို ကောင်းကောင်း ကိုင်တွယ်နိုင်ကြောင်း၊ ဒါ့အပြင် အီရန်နဲ့ ပတ်သက်လို့ ရပ်နီးရပ်ဝေး ပစ်မှတ်တွေကိုပါ ထိထိရောက်ရောက် ချေမှုန်းနိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

အစောပိုင်းတုန်းက အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီရဲ့ အနီးကပ် အကြံပေး တဦးက အီရန်ဟာ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုအတွက် လက်စားချေ တုံ့ပြန်ဖို့ ဥပဒေကြောင်း အရရော၊ လုပ်ထုံးလုပ်နည်း အရပါ အခွင့်အရေး ရှိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ 

ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက အစ္စရေး လေယာဉ်တွေဟာ ဒမတ်စကက်မှာရှိတဲ့ အီရန်သံရုံး ပရဝုဏ်ထဲက ကောင်စစ်ဝန်ရုံးကို တိတိကျကျ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ကြေညာပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်း အီရန်ရဲ့ အင်အားကြီး လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ တော်လှန်ရေး အစောင့်တပ်ရဲ့ ဗိုလ်ချုပ်နှစ်ဦး အပါအဝင် စုစုပေါင်း အရာရှိ ၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

Ref: BBC