ရုရှားရဲ့ ပင်လယ်နက် ရေတပ်ဖွဲ့ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရမှုမှာ ဗြိတိန်နဲ့ ကနေဒါတို့က ကြံရာပါတွေ ဖြစ်တယ်လို့ ရုရှား အစိုးရက စွပ်စွဲ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပင်လယ်နက်မှာရှိတဲ့ ရေတပ်သင်္ဘောတွေကို ဦးတည်ပြီး ဝေဟင်နဲ့ ရေပြင်မှာ မောင်းနှင်တဲ့ ဖောက်ခွဲရေး ဒရုန်းတွေနဲ့ တိုက်ခိုက်တာ ခံခဲ့ရကြောင်း ကြေညာပါတယ်။ ကိုယ်တိုင် အပျက်စီးခံ ပေါက်ကွဲစေတဲ့ ကာမီကာဇီ ဒရုန်းပေါင်း ၁၆ ခုထက် မနည်းက ရုရှား စစ်သင်္ဘောတွေကို ဖျက်ဆီးဖို့ အားထုတ်ခဲ့တယ်လို့ ရုရှားက ဆိုပါတယ်။
ဒီကိစ္စကို ယူကရိန်းရဲ့ လက်ချက်လို့ ရုရှားအစိုးရက စွပ်စွဲပြီး ပင်လယ်နက်မှာ ယူကရိန်း ကောက်ပဲသီးနှံတင် သင်္ဘောတွေ ဖြတ်သန်းခွင့် ပေးထားတဲ့ သဘောတူညီမှုကို တစ်ဖက်သတ် ရုပ်သိမ်းလိုက်ပါတယ်။ အခုအခါ ပင်လယ်နက်က ယူကရိန်း ဆိပ်ကမ်းတွေကို ရုရှားက ပြန်ပိတ်ထားလိုက်ပါပြီ။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ရုရှားဟာ ဇာတ်လမ်း အသစ်တွေ မကုန်နိုင် မခန်းနိုင် ဖန်တီးနေပြန်ပြီလို့ ဝေဖန်ခဲ့ပြီး ရုရှားရေတပ်ကို ယူကရိန်း ဒရုန်းတွေ တိုက်ခိုက်ခဲ့တာ ဟုတ်မဟုတ် ဆိုတာကိုတော့ ဘာမှတ်ချက်မှ ပေးမသွားပါဘူး။
အောက်တိုဘာ ၃၀ မှာ ရုရှားစစ်တပ်က သူတို့ ကြားဖြတ် ဖျက်ဆီးလိုက်တဲ့ ဒရုန်းတွေကို စစ်ဆေးကြည့်တဲ့အခါ ကနေဒါမှာ ထုတ်လုပ်တဲ့ လမ်းညွှန်စနစ်တွေ ပါဝင်နေတာ တွေ့ခဲ့ကြောင်း ပြောပါတယ်။ ရုရှားရေတပ်က ဒရုန်းတွေ အုံလိုက်ကျင်းလိုက် တိုက်ခိုက်လာမှုကို ဆီဗက်စ်တိုပိုလ် ပင်လယ်ကွေ့မှာ ကြုံတွေ့ခဲ့ပေမယ့် ထိထိရောက်ရောက် တွန်းလှန်ုနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အဲဒီဒရုန်းတွေဟာ ယူကရိန်းရဲ့ ကောက်ပဲသီးနှံတင် သင်္ဘောတွေ ဖြတ်သန်းခွင့် ပေးထားရာ လုံခြုံရေးဇုန် လမ်းကြောင်းတလျှောက် ပျံသန်းလာပြီးမှ ရုရှား ရေတပ်စခန်းဖက် ရုတ်တရက် လမ်းကြောင်းပြောင်းလာတာလို့ ရုရှားက ထုတ်ပြန်ပါတယ်။
ရုရှားစစ်တပ်ဟာ အစောပိုင်းကလည်း ယူကရိန်းရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေမှာ ဗြိတိန်က အကူအညီ ပေးခဲ့ကြောင်း စွပ်စွဲ ကြေညာပေမယ့် တိကျတဲ့ အထောက်အထားမျိုးတော့ မပြသခဲ့ပါဘူး။ ရုရှားက အီရန်လုပ် ဒရုန်းတွေကို ဖောဖောသီသီ အသုံးပြုပြီး ယူကရိန်း နိုင်ငံအနှံ့မှာရှိတဲ့ ဓာတ်အားပေး စက်ရုံတွေနဲ့ တခြားအခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာချိန်မှာ ရုရှားရေတပ် ကိုယ်တိုင်လည်း ဒရုန်းစစ်ဆင်ရေး တစ်ခုနဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။