အလံဖြူထောင်ရဲတဲ့ သတ္တိမျိုး ယူကရိန်းမှာ ရှိသင့်ကြောင်း မှတ်ချက်ကြောင့် ပုပ်ရဟန်းမင်းကြီး ဝေဖန်ခံနေရ

မတ်၊ ၁၁

ယူကရိန်း အနေနဲ့ စစ်ပွဲမှာ လက်လျှော့ အရှုံးပေးပြီး စေ့စပ်ညှိနှိုင်းမှုတွေအတွက် လမ်းဖွင့်ပေးသင့်ကြောင်း ပုပ်ရဟန်းမင်းကြီးရဲ့ မှတ်ချက်စကားဟာ ပြင်းထန်တဲ့ တုံ့ပြန် ဝေဖန်မှုတွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆွစ်ဇာလန် သတင်းဌာန တခုနဲ့ အင်တာဗျူးမှာ ပုပ်ရဟန်းမင်းကြီးက ယူကရိန်း စစ်ပွဲ အရေးနဲ့ ပတ်သက်လို့ သဘောထား အမြင်တွေကို ပြောဆိုခဲ့ရမှာ အငြင်းပွားစရာ အခြေအနေတွေကို ဦးတည်စေခဲ့တာ ဖြစ်ပါတယ်။ 

ပုပ်ရဟန်းမင်းကြီးက စေ့စပ်ညှိနှိုင်းမှုကို ခိုင်မာအောင် လုပ်ဆောင်ပြတဲ့ အင်အားစုဟာ ပိုမိုသန်မာ အားကောင်းတဲ့ ရပ်တည်မှုကို ပြသနိုင်ခြင်းလို့ ယုံကြည်ကြောင်း မှတ်ချက် ပေးခဲ့တာပါ။ တကယ်တမ်း ခိုင်မာတည်ကြည်တဲ့သူဟာ အခြေအနေမှန်ကို နားလည်သူ၊ ပြည်သူတွေ အကျိုးအတွက် မျှော်တွေးသူ၊ လိုအပ်လာရင် စေ့စပ်ညှိနှိုင်းမှုတွေအတွက် အလံဖြူ ထောင်ပြရဲဖို့ လုံလုံလောက်လောက် သတ္တိရှိသူမျိုးလို့ ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။

နောက်ပြီး လက်ရှိ အခြေအနေမှာတော့ နိုင်ငံတကာ အစုအဖွဲ့ရဲ့ ဝိုင်းဝန်းကူညီပေးမှုတွေနဲ့အတူ ယူကရိန်း စစ်ပွဲကို အဆုံးသတ်နိုင်မယ့် အခွင့်အလမ်းတွေလည်း ရှိနေပြီလို့ ပုပ်ရဟန်းမင်းကြီးက ဆက်ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ကြားမှုဟာ စစ်ပွဲကို စေ့စပ်ဆွေးနွေးမှု လမ်းစဉ်နဲ့ အဆုံးသတ်စေလိုတဲ့ သဘောထားကို ရည်ညွှန်းဟန် ရှိပေမယ့်လည်း အိမ်နီးချင်း ရုရှားရဲ့ လက်နက်အားကိုးနဲ့ အဓမ္မ ကျူးကျော်မှုကြောင့် နယ်မြေတွေ ဆုံးရှုံးထားရတဲ့ ယူကရိန်း အတွက်တော့ ခါးသီးစရာတွေ ဖြစ်ခဲ့ပါတယ်။

အလျှော့ပေးမှုကို ရည်ညွှန်းတဲ့ အလံဖြူ ထောင်ပြဖို့ သတ္တိရှိသင့်ကြောင်း ပုပ်ရဟန်းမင်းကြီးရဲ့ တိုက်တွန်းစကားနဲ့ ပတ်သက်ပြီး ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး ဒီမစ်ထရို ကူလီဘာကတော့ ယူကရိန်းရဲ့ အလံဟာ အဝါနဲ့ အပြာရောင်သာ ဖြစ်ပြီး အဲဒီ အလံအတွက်ပဲ ယူကရိန်း ပြည်သူတွေက ရှင်သန်ကြ၊ သေဆုံးကြ၊ အရှည်တည်အောင် ထိန်းသိမ်းကြမှာ ဖြစ်ကြောင်း၊ တခြား အလံတခုကို ဘယ်တော့မှ ထောင်ပြနေမှာ မဟုတ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

နောက်ပြီး စစ်ပွဲမှာ တကယ်တမ်း အားအကောင်းဆုံး အသန်မာဆုံး အစုအဖွဲ့ ဆိုတာဟာ အဆိုးနဲ့ အကောင်းကို ပိုင်းခြား သိမြင်ပြီး စေ့စပ် ညှိနှိုင်းမှုဆိုတဲ့ ကိစ္စထက် မှန်ကန်တဲ့ ဖက်မှာ ခြေကုပ်မြဲမြဲ ရပ်တည်ဖို့ သတ္တိရှိသူတွေကိုသာ ရည်ညွှန်းသင့်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

တခြား ဥရောပနိုင်ငံ ခေါင်းဆောင် တချို့ကလည်း ပုပ်ရဟန်းမင်းကြီးရဲ့ အငြင်းပွားစရာ မှတ်ချက်အပေါ် တုံ့ပြန် ဝေဖန်ခဲ့ကြပါတယ်။ တကယ်တမ်းဆိုရင် ရုရှား သမ္မတ ဗလာဒီမာ ပူတင်က သူ့တပ်တွေကို ယူကရိန်းကနေ ဆုတ်ခွာခိုင်းဖို့ သတ္တိရှိသလားဆိုတာပါ မေးမှသာ မျှတမှာ ဖြစ်တယ်လို့ ပိုလန် နိုင်ငံခြားရေးဝန်ကြီး ရိုဒေါ့စ်လော ဆီကော့စကီးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။  

 

Ref: CNN