ကရင်နီမှာ စစ်တပ်လက်ချက်နဲ့ တလအတွင်း အရပ်သားနှစ်ဒါဇင်ကျော်သေဆုံး

မတ်၊ ၁၀
 
ကရင်နီ (ကယား) ဒေသမှာ ဖေဖော်ဝါရီ တလအတွင်း စစ်ကောင်စီတပ် လက်ချက်နဲ့ သေဆုံးခဲ့တဲ့ အရပ်သား ၂၅ ဦးရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
 
တာဝေးပစ် လက်နက်ကြီး ပစ်ခတ်မှုတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သားတွေ အခုလိုသေဆုံးခဲ့ရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူလည်း ၄၂ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းကတော့ ဒီးမော့ဆိုမြို့နယ်၊ ဒေါစီအိနဲ့ လွိုင်နန်းဖကျေးရွာတွေက စာသင်ကျောင်း နှစ်ကျောင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့ ကလေးငယ် လေးဦးအပါအဝင် ငါးဦး သေဆုံးခဲ့တယ်လို့ ကရင်နီသတင်းရင်းမြစ်တွေက ပြောထားပါတယ်။
 
ဒီးမော့ဆိုမြို့နယ်ထဲမှာ ဖေဖော်ဝါရီ တလလုံး တိုက်ပွဲကြီး တကြိမ်မှမရှိခဲ့သလို အဲဒီလို ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာဟာလည်း စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ နေရာတွေလို့ သိရပါတယ်။
 
အဲဒီ စာသင်ကျောင်းနှစ်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ထိခိုက်ဒဏ်ရာသူလည်း ၃၅ ဦးထက်မနည်းရှိခဲ့ပြီး တိုက်ခိုက်မှုဖြစ်ပြီးနောက်မှာတော့ စာသင်ကျောင်းတွေလည်း ပိတ်ထားခဲ့ရပါတယ်။
 
အလားတူ ဖေဖော်ဝါရီ ၅ ရက်နေ့မှာပဲ ရှားတောမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနဲ့ ကလေးငယ် သုံးဦးအပါအဝင် အရပ်သားစစ်ဘေးရှောင် ခုနစ်ဦးကို ပစ်သတ်ခဲ့ပါသေးတယ်။
 
အင်အား ၇၀ လောက်ပါတဲ့ အဲဒီစစ်ကောင်စီစစ်ကြောင်းကိုတော့ ကရင်နီပူးပေါင်းတပ်တွေ လိုက်လံတိုက်ခိုက်ခဲ့လို့ အရှင်ဖမ်းမိတဲ့ ဗိုလ်ကြီးအဆင့်ရှိသူတဦးနဲ့ တပ်သားတဦးကလွဲလို့ ကျန်တဲ့တပ်ဖွဲ့ဝင်တွေအားလုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ရှမ်း-ကရင်နီ အစပ်ဖြစ်တဲ့ ဖယ်ခုံမြို့နယ်ထဲက ရွှေစမ်းကျေးရွာမှာလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်တဦးအပါအဝင် အမျိုးသမီး လေးဦး သေဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
 
ဖေဖော်ဝါရီ တလအတွင်း KNDF အပါအဝင် ကရင်နီ ပူးပေါင်းတပ်တွေက လွိုင်ကော်၊ ရှားတော၊ ဘောလခဲနဲ့ ဖယ်ခုံမြို့နယ်တွေမှာ အဓိက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရှားတောမြို့ကိုတော့ အလုံးစုံသိမ်းပိုက်နိုင်တဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။
 
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)ရဲ့ စာရင်းတွေအရတော့ စစ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း ကရင်နီပြည်နယ်တဝှမ်း စစ်ကောင်စီတပ်လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အရပ်သား ၄၇၂ ဦး ရှိပြီလို့ သိရပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – ဒီးမော့ဆိုက စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း