မလှုပ်တလှုပ် အာဆီယံနဲ့ မထီမဲ့မြင် စစ်ဗိုလ်ချုပ်များ 

ငြိမ်းချမ်းရေး အစီအမံနဲ့ ပတ်သက်လို့ အချိန်ကန့်သတ်မှုတစ်ခု ထားရှိဖို့ အိမ်နီးချင်း နိုင်ငံတွေက ဖိအားတွေ လာပေးနေတာဟာ ကောင်းကျိုးထက် ဆိုးကျိုးပဲ ဖြစ်စေလိမ့်မယ်လို့ အာဏာသိမ်း စစ်ကောင်စီက သတိပေးလိုက်တာပါ။ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က မြန်မာ့အရေးနဲ့ ပတ်သက်လို့ အရေးပေါ် အစည်းအဝေးတစ်ခု ကျင်းပခဲ့တဲ့ အောက်တိုဘာ ၂၈ ရက် ညနေပိုင်းမှာပဲ စစ်ကောင်စီက အခုလို သဘောထား ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အာဆီယံရဲ့အသံ၊ အာဆီယံရဲ့ တောင်းဆိုမှုတွေကို ဂရုစိုက်မှာ မဟုတ်ကြောင်း အတိအလင်း သတိပေးလိုက်တာလို့လည်း ယူဆလို့ ရပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပခဲ့ပြီး စစ်ကောင်စီကို ဖိတ်ကြားခြင်း မရှိတဲ့ အာဆီယံ ညီလာခံမှာ နိုင်ငံခြားရေး ဝန်ကြီးတွေက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို ဘယ်လိုဘယ်ပုံ ဖြေလျှော့နိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေကို ညှိနှိုင်း အဖြေရှာခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ စစ်ကောင်စီ ခန့်အပ်ထားတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြည်တွင်း မငြိမ်သက်မှုတွေ ဆိုတာက လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေကြောင့်သာ အဓွန့်ရှည်နေရတာပါလို့ အပြစ်ဖို့လိုက်ပြီး အာဆီယံက ငြိမ်းချမ်းရေး အစီအမံနဲ့ ပတ်သက်လို့ အချိန်ကန့်သတ်ဖို့ ဝင်ပြီး ဖိအားပေးနေရင် အပေါင်းလက္ခဏာထက် အနုတ်လက္ခဏာ ပိုဆန်သွားလိမ့်မယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

 

စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သူတို့ကို မဖိတ်ကြားဘဲ အာဆီယံ ၉ နိုင်ငံရဲ့ ဝန်ကြီးတွေသာ စုဝေးတွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲ ရလဒ်တွေအပေါ် တုန်လှုပ်နေမှာ မဟုတ်ကြောင်းလည်း အသိပေးသွားပြန်တယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး လပိုင်းလောက် အကြာမှာ ကတည်းက စစ်ကောင်စီရဲ့ မြန်မာ ကိုယ်စားလှယ်တွေကို ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပိုမိုပြင်းထန်လာသလို အကြမ်းဖက်မှုဆန်တဲ့ သွေးချောင်းစီး ဖြစ်စဉ်တွေလည်း ပေါ်ပေါက်လာတယ်။ ဥပမာ အနေနဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ထောင်ကြီးထဲကို ပါဆယ်ဗုံးတွေ ပို့လိုက်ရာက အရပ်သားတွေပါ သေဆုံးတာမျိုး၊ နိုင်ငံမြောက်ပိုင်းမှာ စစ်ကောင်စီ လေတပ်ရဲ့ ဗုံးကြဲမှုကြောင့် အရပ်သား အများအပြား အပါအဝင် လူ ၈၀ ထက်မနည်း သေဆုံးတာမျိုး သတင်းတွေက ရက်သိပ်မခြားဘဲ ကြားလာရပါတယ်။

 

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရကို စစ်တပ်က အာဏာသိမ်း ဖြုတ်ချပြီး အစိုးရ ခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးထားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်တပ်က ပြင်းပြင်းထန်ထန် ဖြိုခွင်းခဲ့တယ်။ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် လူပေါင်း ထောင်နဲ့ချီ သေဆုံးပြီး သောင်းနဲ့ချီ အဖမ်းခံရတယ်။ ဒါ့အပြင် တိုက်ပွဲတွေနဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အရပ်သား နယ်မြေတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် နိုင်ငံအနှံ့ လူပေါင်း သိန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်။

 

အာဆီယံက အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဘုံသဘောတူညီမှု မူ ၅ ချက်ကို စစ်ကောင်စီက အကောင်အထည် ဖော်နေမှုနဲ့ ပတ်သက်လို့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မတွေ့ရတဲ့အပေါ် စိတ်ပျက်မိသလို တချို့ကိစ္စတွေမှာ အကြီးအကျယ် စိတ်အနှောင့်အယှက်ပါ ဖြစ်ရတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီက ဆွေးနွေးပွဲမှာ အတိအလင်း ဝေဖန် ပြောကြားသွားပါတယ်။

 

အဲဒီ အစီအမံတွေကို တိုးတက်အောင် အကောင်အထည် ဖော်နေရမယ့်အစား အခြေအနေတွေက ဆုတ်ယုတ်သွား၊ ပိုဆိုးရွားသွားတယ်လို့တောင် ခံစားရကြောင်း သူက ဆိုတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက် လုပ်ဆောင်နေမှု အားလုံး ချက်ချင်း ရပ်တန့်ဖို့ လိုအပ်ကြောင်း၊ ဒီလို မရပ်တန့်မချင်း နိုင်ငံရေး ရှုပ်ထွေးမှုတွေကို ဖြေရှင်းနိုင်လောက်မယ့် အကျိုးအာနိသင် ထိရောက်တဲ့ အစီအမံတွေကို ဖော်ဆောင်နိုင်မှာ မဟုတ်ကြောင်း မာဆူဒီက ဆိုတယ်။

 

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးအားလုံးက မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး ပြန်လည် ဆောင်ကြဉ်းပေးဖို့ သူတို့ရဲ့ အားထုတ်မှုတွေ ကျရှုံးခဲ့ကြောင်း ဝန်ခံတယ်။ ဒါပေမဲ့ ပြည်တွင်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်နားဖို့ မမှိတ်မသုန် ဆက်လက် တောင်းဆိုသွားမယ်လို့ ပြောတယ်။

 

အောင်မြင်မှု မရလို့ဆိုပြီး အာဆီယံ အနေနဲ့ နောက်ဆုတ်သွားမယ့်အစား မြန်မာနိုင်ငံ ပြဿနာအတွက် အငြိမ်းချမ်းဆုံး ဖြေရှင်းမှု တစ်ခုကို မြန်နိုင်သမျှ မြန်မြန် အကောင်အထည် ပေါ်လာအောင် မမှိတ်မသုန် ဝိုင်းဝန်း အားထုတ်ကြရမှာဖြစ်ကြောင်း အားလုံး သဘောတူခဲ့ကြတယ်လို့ အာဆီယံရဲ့ အလှည့်ကျ သဘာပတိ ကမ္ဘောဒီးယား နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ပြောပါတယ်။

 

မနှစ်တုန်းက အာဆီယံဟာ မြန်မာ့ ငြိမ်းချမ်းရေး လမ်းကြောင်းကို ပြန်လည် ဖော်ဆောင်ဖို့အတွက် ဘုံသဘောတူညီမှု ၅ ချက်ကို ကြေညာခဲ့ပါတယ်။ သဘောတူညီချက်လို့ ဆိုပေမယ့်လည်း စာချုပ်မှာ လက်မှတ်ရေးထိုးထားတာမျိုး မဟုတ်ဘဲ အကြံပြုမှု အစီအမံတွေလို့သာ သတ်မှတ်နိုင်ပါတယ်။ အဲဒီ အချက်တွေကတော့ ပြည်တွင်းက အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်စေဖို့၊ ဘက်ပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခု ပြန်လည် စတင်ဖို့၊ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်ပြီး ကြားဝင် ဖြေရှင်းပေးဖို့၊ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ တင်ပို့ခွင့်ပြုဖို့နဲ့ အာဆီယံ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတာတွေ ဖြစ်ပါတယ်။

 

မြန်မာ စစ်ခေါင်းဆောင်တွေက အဲဒီ အဆိုပြုချက်တွေကို အစောပိုင်းမှာ ခေါင်းညှိတ်ပြီး လက်ခံလာခဲ့တယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည်ဖော်ဖို့ကျတော့ ဘာမှ အားစိုက်ခွန်စိုက် ကြိုးစားတာမျိုး မရှိခဲ့ပါဘူး။ အဲဒီ အချက် ၅ ချက်ထဲမှာ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေကို လက်ခံတာ၊ အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဆော့ခွန်းကို လက်ခံတွေ့ဆုံတာလောက်ပဲ ခွင့်ပြုပေးခဲ့တယ်။ ဒါပေမဲ့ ဆော့ခွန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းတဲ့ အချိန်မှာတော့ စစ်ကောင်စီဖက်က ဗြောင်ကျကျပဲ ငြင်းဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လောလောဆယ်မှာတော့ စစ်ကောင်စီ အလိုကျ တရားစီရင်ရေး ယန္တရားအောက်မှာ ပြစ်မှုပေါင်းစုံနဲ့ စွဲချက်တင်ခံရပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ် ခံထားရပါတယ်။

 

အောက်တိုဘာ ၂၇ ရက်က အစည်းအဝေးဟာ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်ထိ ကျင်းပမယ့် အာဆီယံ နှစ်ပတ်လည် ညီလာခံရဲ့ အကြိုလို့လည်း ဆိုနိုင်ပါတယ်။ အဲဒီ အစည်းအဝေးမှာတော့ အာဆီယံ နိုင်ငံခေါင်းဆောင်တွေကိုယ်တိုင် တက်ရောက်ပြီး မြန်မာ့ နိုင်ငံရေး အရှုပ်အထွေးဟာ အဖွဲ့အစည်းရဲ့ စည်းလုံးညီညွတ်မှုအပေါ် ခြိမ်းခြောက် ထိခိုက်လာနိုင်တဲ့ အခြေအနေတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ တကယ်တော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ခု ဆိုတာက စတင်သတ်မှတ်ပြီး မကြာခင်မှာပဲ အဆုံးသတ်သွားပြီလို့ ယူဆထားသူ အမြောက်အမြား ရှိပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ အစည်းအဝေးမှာ အာဆီယံ နိုင်ငံတွေက အလုပ်မဖြစ်တော့တာ သေချာနေတဲ့ အဲဒီ အချက် ၅ ချက်ကိုပဲ ဆက်ပြီး ဆုပ်ကိုင်ထားလိုကြောင်း အသိပေးလာခဲ့တာကတော့ စိတ်ပျက်စရာ အခြေအနေမျိုးလို့ သတ်မှတ်ရပါလိမ့်မယ်။

 

တစ်ဖက်က ကြည့်ပြန်ရင်လည်း အာဆီယံ ဆိုတာက အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြည်တွင်းရေး ပြဿနာတွေမှာ ကြားဝင် စွက်ဖက်တာမျိုး မလုပ်တဲ့ မူဝါဒကို အစဉ်အဆက် ကိုင်ဆွဲလာခဲ့တာပါ။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းလိုက်တော့မှ ဒီအရှုပ်အထွေးထဲကို အာဆီယံ တစ်ဖွဲ့လုံး ဆွဲသွင်းခံရသလို ဖြစ်နေပါတယ်။ မြန်မာ ပြဿနာကို ထိထိရောက်ရောက် မကူညီ၊ မဖြေရှင်းနိုင်ခြင်းက ပထဝီဝင် နိုင်ငံရေး ပြဿနာတွေကို ကိုင်တွယ်ရာမှာ အာဆီယံရဲ့ ဩဇာကင်းမဲ့မှုကို မြင်သာသွားစေပြီး နိုင်ငံရေး အရလည်း သိက္ခာကျစေခဲ့ပါတယ်။

 

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေး မတိုင်ခင် တစ်ရက်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေနဲ့ မြန်မာနိုင်ငံဆီ လက်နက် တင်ပို့မှုတွေကို ထိထိရောက်ရောက် ပိတ်ဆို့ဖို့ နိုင်ငံအားလုံး ပူးပေါင်းပြီး ဖိအားပေး ဆောင်ရွက်စေလိုကြောင်း ကုလသမဂ္ဂမှာ ပြောကြားသွားပါတယ်။

 

ဒါ့အပြင် ရုရှားအပေါ် ခုခံစစ်ပွဲ ဆင်နွှဲနေတဲ့ ယူကရိန်းကို ကူညီသလိုမျိုး မြန်မာနိုင်ငံမှာလည်း သံတမန်ရေးရာ ဖိဖိစီးစီး အားထုတ် ဆောင်ရွက်ပေးဖို့ လိုတယ်လို့ အန်ဒရူးက ဆိုတယ်။ သူက ကမ္ဘာကြီးဟာ မြန်မာပြည်သူတွေအပေါ် အကြီးအကျယ် ပျက်ကွက်ခဲ့တယ်လို့လည်း ထောက်ပြခဲ့ပါသေးတယ်။

 

ခေါင်းဆောင်မှု ကင်းမဲ့တဲ့ အခြေအနေတစ်ခုကို ကူညီဖြေရှင်းဖို့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းက အားကိုးထိုက်တဲ့ နေရာမှာ ရှိနေသင့်တယ်လို့လည်း အန်ဒရူးက ပြောကြားသွားပါတယာ်။

 (Aljazeera သတင်းဌာန၏ Myanmar warns ASEAN that pressure would be counterproductive ဆောင်းပါးကို DNA က ဘာသာပြန်ဆိုသည်။)