ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီး၊လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အရပ် သားတချို့သေဆုံး ဒဏ်ရာရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးမှာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး ဒီက နေ့မနက်ပိုင်းမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေတာကြောင့် ပြည် သူတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တချို့ ကော့ကရိတ်မြို့တွင်း လူနေရပ်ကွက်ထဲ ကျရောက် ပေါက် ကွဲလို့ ပြည်သူတဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

“၉၇ တပ်ရင်းကနေလက်နက်ကြီးနဲ့ ပြန်ပစ်ထုတ်နေတာ၊ အခု လက်နက်ငယ်သံတွေပါညံနေရောဘဲ၊ မြို့ထဲဘက် ကိုပစ်ထည့်လို့ အမတို့ဘက်ကျလာတာ၊သေသွားတဲ့လူက ဈေးသည်” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ကော့ကရိတ်မြို့ ဂေါက်ကလပ်ပန်းခြံကွေ့က အလှနန်းတော်အလှပြင်ဆိုင်ရှေ့ကို ဒီနေ့မနက် ၈နာရီကျော်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒေသတွင်းသတင်းဌာနဖြစ်တဲ့ KIC ကတော့ ကော့ကရိတ်မြို့ ခနိမ်းမူရပ်ကွက်မှာရှိတဲ့ မြို့အဝင်စစ်ဆေးရေး ဂိတ် အနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ရာက ကော့ကရိတ်အခြေစိုက် (၉၇)တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ မြို့တွင်းကျရောက်ပေါက်ကွဲတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။

ကော့ကရိတ်မြို့၊ အမှတ် (၁)ရပ်ကွက် ထန်းပင်ကုန်းနဲ့ အမှတ် (၇)ရပ်ကွက် တံတားဦးမှာ စစ်ကောင်စီတပ်က ဒီကနေ့ မနက် ၁၀နာရီခွဲဝန်းကျင်ကမှာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူအများအပြားထိ ခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူတွေလဲရှိတယ်လို့ DNAက စုံစမ်း သိရှိရပါတယ်။

“အတိအကျတော့သေတာကိုမသိသေးဘူး၊ မဏိကာရုံဘုန်းကြီးကျောင်းမှာတော့ ဒဏ်ရာရတဲ့လူနာအများကြီးဘဲ၊ အိမ်နားမှာလည်း နှစ်ယောက်သေတယ်၊ ကောင်းမှုရွာ ရွာတန်းရှည်ကိုလည်း(လေယာဉ်နဲ့)ဗုံးကျဲသွားတယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကော့ကရိတ်-မြဝတီ အာရှလမ်းမှာ အောက်တိုဘာလ ၁၈ရက်နေ့ကစပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက လမ်းတွေ ပိတ်ထားရပြီး ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေအပါအဝင် ယာဉ်အစီး ရေ ရာချီပိတ်မိနေပါတယ်။