တိုက်ပွဲတွေကြောင့် ကျိုက်ထိုမြို့နယ်မှာ ပြည်သူ ရှစ်ထောင်ကျော် စစ်ရှောင်နေရ

Photo – KNU

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီ တပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ပြည်သူ ၈၀၀၀ ကျော် စစ်ရှောင်နေရသလိုပြည်သူ့နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာတွေလည်း ရှိနေတယ်လို့ ကေအဲန်ယူ ဒူးသထူခရိုင်က ထုတ်ပြန်ပါတယ်။

ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာစစ်ကြောင်းထိုးလှုပ်ရှားလာတဲ့ ဒေသတလျှောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ ဒေသခံတွေကို ဖမ်းဆီးတာ၊ ပစ္စည်းတွေ အဓမ္မယူဆောင်တာနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီ စစ်ကောင်စီတပ်တွေနဲ့ KNLA တပ်တို့ကြား အောက်တိုဘာ (၁၃) ရက်ကနေ (၁၅) ရက်ထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာ ကျိုက်ထိုမြို့နယ်ထဲက ပျဉ်းကတိုးကုန်း၊ ပိန္နကုန်း၊ မဲရုံးလေး၊ ကဒိုင်တွတ် အစရှိတဲ့ ကျေးရွာတွေအပြင် အနီးဝန်းကျင်ကျေးရွာ ဆယ်ရွာကျော်က ပြည်သူတွေ အိုးအိမ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်နေကြရတယ်လို့ Kyaikhto Information Team ကလည်း ထုတ်ပြန်ထားပါတယ်။

“အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာလို့ ရွာလုံးကျွတ် ကိုယ်လွတ်ရုန်းပြေးခဲ့ရတော့ စားစရာ၊ အဝတ်အစား၊ အမိုးအကာ၊ ခြုံစောင်တွေ အများကြီး လိုအပ်နေပါတယ်” လို့ Kyaikhto Information Team က DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာ (၁၉) ရက်မှာ ပိန္နဲကုန်းကျေးရွာက လူနေအိမ်တွေကို နှစ်ကြိမ်မီးရှို့ခဲ့တာကြောင့် နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ပြီး ပိန္နဲကုန်းရွာသားနှစ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီလက်အောက်ခံ တပ်တွေဟာ အင်အား ၅၀၀ ဝန်းကျင်နဲ့ ကျိုက်ထိုမြို့နယ်ထဲကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီး နေရာယူ ဖြန့်ကျက်ထားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။