အဓမ္မမှုကျူးလွန်သူ တပ်သားနှစ်ဦးကို အေအေက ထောင်နှစ် နှစ်ဆယ်ချမှတ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က ဒေသခံ အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်တဲ့ တပ်သားနှစ်ဦးကို ထောင်နှစ်နှစ်ဆယ် ချမှတ်လိုက်တဲ့အပြင် ကြိမ် ဒဏ်ကြီး အချက်သုံးဆယ် ပြစ်ဒဏ်ပါ ပေးခဲ့တယ်လို့ ရခိုင့်တပ်တော် AA က အောက်တိုဘာ ၂၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

AA တပ်ဖွဲ့ဝင် တပ်သားနှစ်ဦးဟာ ကျောင်းတောင်ကျေးရွာအုပ်စုက အသက် (၃၀) အရွယ် ဒေသခံအိမ်ထောင် သည် အမျိုးသမီးတဦးကို လက်နက်အားကိုးနဲ့ အဓမ္မပြုကျင့်ခဲ့တာဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်လို့ အခုလို ပြစ်ဒဏ် ချမှတ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ကျူးလွန်ခံရသူရဲ့ တိုင်းကြားချက်အရ တိုင်ကြားခံရသူနှစ်ဦး၊တိုင်ကြားသူနဲ့ တိုင်ကြားသူရဲ့မိသားစု အခင်းဖြစ်ရာ ပတ်ဝန်းကျင်က သက်သေအချို့ကို ဆယ်ရက်ဝန်းကျင်ကြာ စုံစမ်းမေးမြန်းအပြီးမှာ ပြစ်မှုမြောက်ကြောင်း ထင်ရှား တဲ့အပြင် ကျူးလွန်သူတွေကလည်း ဝန်ခံခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်တဲ့ တပ်သားနှစ်ဦးဟာ ကျူးလွန်တဲ့နေ့မှာ ခွင့်ပြုချက်မရပဲ အရက်သောက်စားမူးယစ်နေခဲ့ပြီး တပ် ဖက်ဆိုင် ရာစည်းကမ်းထိမ်းသိမ်းရေးအထူးတားမြစ်ချက်တွေကိုလည်းချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရခိုင့်တပ်တော်၊ စစ်ခုံရုံးအဖွဲ့က အောက်တိုဘာ (၂၀)ရက်မှာ နစ်နာသူမိသားစုဝင်တွေ၊ကျေးရွာ ခေါင်း ဆောင်တချို့နဲ့ ဘာသာရေး ခေါင်းဆောင်တချို့ ရှေ့မှာပဲ ကျူးလွန်သူနှစ်ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် (၂၀) အပြင် ကြိမ်ဒဏ်ကြီး အချက်(၃၀) ချမှတ်ခဲ့တယ်လို့သိရပါတယ်။

AA တပ်ဖွဲ့က စည်းကမ်းချိုးဖောက်သူတွေကို ပြစ်ဒဏ်ပေးလေ့ရှိတဲ့ ကြိမ်ဒဏ်ကြီး ပြစ်ဒဏ်ဟာလည်း ပြင်းထန် တဲ့ ပြစ်ဒဏ်တခုဖြစ်တယ်လို့ AA အဖွဲ့ဆီမှာ စစ်သင်တန်းတက်ရောက် သင်ကြားဖူးတဲ့ နွေဦးတော်လှန်ရေး တပ် ဖွဲ့ဝင် တချို့က ပြောပါတယ်။

အခုချမှတ်လိုက်တဲ့ ကြိမ်ဒဏ်ကြီးအချက်(၃၀)ဟာ တလဝန်းကျင်လောက် လမ်းမလျှောက် နိုင်တဲ့အထိ ပြင်းထန် နိုင်တယ်လို့ AAတပ်ဖွဲ့ဆီမှာ သင်တန်းတက်ခဲ့ဖူးတဲ့ PDF တပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

ရခိုင့်တပ်တော် AA အနေနဲ့ ပြစ်မှုကျူးလွန်တဲ့ မည်သူကိုမဆို ကျောသား၊ရင်သား၊လူမျိုး၊ဘာသာ မခွဲခြားဘဲ သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ စီရင်ဆောင်ရွက်နေတယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။