ဟားခါးမြို့မှာ ခြောက်နှစ်အရွယ် ကလေးငယ်နှစ်ဦးလက်နက်ကြီး ကျည်ထိပြီး သေဆုံး

ချင်းပြည်နယ်၊ဟားခါးမြို့နယ်၊ ဘွန်လုန်ကျေးရွာက အသက်ခြောက်နှစ်အရွယ် ကလေးနှစ်ဦးဟာ အောက်တိုဘာ (၁၉) ရက်က ကျောင်းကပြန်လာချိန်မှာ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ချင်းမျိုးနွယ်စု တော်လှန်ရေး တပ် တခုဖြစ်တဲ့ CDF ဆန်ထန် ပြောရေးဆိုခွင့်ရှိသူ ကိုဂျိုးဇက်က DNA ကိုပြောပါတယ်။

“လက်နက်ကြီးက ဘယ်အဖွဲ့ကပစ်တယ်ဆိုတာ အတိအကျမသိပေမယ့် စကစဘက်ကပဲဖြစ်ဖို့များတယ်၊ သူတို့ တပ်ရှိတဲ့ ဟားခါးမြို့ဘက်က ရုန်းတောင်နှင့် လက်နက်ကြီး ကျတဲ့နေရာကို မျက်နှာချင်းဆိုင်ဖြစ်နေတယ်” လို့ ကိုဂျိုးဇက်ကပြောပါတယ်။

သေဆုံးသွားတဲ့ကလေးငယ်နှစ်ဦးဟာ KG – 2 အတန်းတက်ရောက်နေကြတဲ့ မောင်ဟင်နရီဘွေဇလျန်းနဲ့ မောင်ဂျဲမ်း ရှဲဇအုပ်တို့ဖြစ်ပြီးညနေပိုင်းကျောင်းကနေအိမ်အပြန်လမ်းမှာ လက်နက်ကြီးထိမှန်ခဲ့တာ ဖြစ် တယ်လို့သိရပါတယ်။ လက်နက်ကြီးထိမှန်တဲ့အချိန်မှာ တိုက်ပွဲဖြစ်ပွားနေတာမရှိဘူးလို့ ဆိုပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ဘွန်လုန်ရွာဟာ ဟားခါးမြို့နဲ့ မိုင်နှစ်ဆယ်ဝန်းကျင်အကွာမှာရှိပြီး ဆန် ထန်နယ်အဖြစ် ဒေသတွင်း‌တော်လှန်ရေး အင်အားစုတွေက သတ်မှတ်ထားတဲ့ နယ်နိမိတ်အတွင်းက ကျေးရွာ တရွာဖြစ်တယ်လို့သိရပါတယ်။

ကလေးနှစ်ဦးသေဆုံးခဲ့တာဟာ လက်နက်ကြီးကြောင့်ဖြစ်နိုင်သလို ဒရုန်းကနေ ကျဲချလိုက်တဲ့ ဗုံးသီးထိမှန် တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ CDF ဆန်ထန် ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။

လက်နက်ကြီး ထိမှန်မှုကြောင့် သေဆုံးသွားတဲ့ကလေးငယ်နှစ်ဦးနဲ့ အရွယ်တူ၊အတန်းတူ တခြား ကလေးတဦး လည်း အပြင်းအထန်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံမီဒီယာတွေကဖော်ပြထားပါတယ်။

ဘွန်လုန် ကျေးရွာမှာ လက်နက်ကြီးကျပြီး ကလေးနှစ်ဦးသေဆုံးခဲ့တဲ့ အောက်တိုဘာ (၁၉)ရက်မှာ ဟားခါးမြို့နဲ့ မိုင်နှစ်ဆယ်ကျော်သာဝေးတဲ့ ထန်တလန်မြို့ တနေရာမှာ စစ်ကောင်စီနဲ့ ဒေသခံကာ ကွယ်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ခဲ့တာရှိတယ်လို့ ဒေသတွင်းသတင်းတွေအရသိရပါတယ်။