၁။ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများစွာ အနက်၊ စာရိတ္တမဏ္ဍိုင် ရုတ်တရက် ပြိုကျပျက်စီးလာမှုကို လက်ရှိ မြန်မာနိုင်ငံက ခံစားနေရပါတယ်။ နေ့စဉ် ပြည်သူလူထုအကြား အထွေထွေ မလုံခြုံမှု ပြဿနာဟာ တဖြည်းဖြည်း ကြီးထွားလာနေပါတယ်။ လူထုဟာ သွားရေးလာရေးမှာလည်း မလုံခြုံတော့ပါ၊ စားဝတ်နေရေးမှာလည်း မလုံခြုံတော့ပါ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုလည်း ကြီးထွားလာနေပါတယ်။ နေ့စဉ် ရှင်သန်ရပ်တည်ဖို့အတွက် အောက်ခြေနင်းပြားကျောမွဲ ပြည်သူလူထုခမြာ အထွေထွေ မလုံခြုံမှုပြဿနာနဲ့ အထွေထွေ အခက်အခဲ အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။
၂။ ရှင်သန်ရပ်တည်ဖို့ ခက်ခဲလာလေလေ၊ စာရိတ္တမဏ္ဍိုင် ပြိုဆင်းဖို့ လွယ်ကူလာလေလေ ဖြစ်ပါတယ်။ ဗမာဗုဒ္ဓဘာသာဝင်လူမျိုးအများစုဟာ မြန်မာနိုင်ငံမှာ မွေးဖွားလာခြင်းကို ဘုရားအဆုံးအမနဲ့ ကြီးပြင်းလာရသူတွေဖြစ်တာမို့ အလွန် ကံကောင်းသူတွေလို့ ယူဆခဲ့ကြပါတယ်။ တကယ်တော့ အစိုးရဝါဒဖြန့်ချိရေး မျက်နှာစာတွေမှာ ယဉ်ကျေးတဲ့ မြန်မာ၊ ရိုးသားတဲ့မြန်မာလို့ ဘယ်လောက်ပဲ တံဆိပ်တပ်နေပါစေ လက်တွေ့မှာ စာရိတ္တမဏ္ဍိုင် ပြိုကျပျက်စီးဆုတ်ယုတ်နေတဲ့ မြန်မာနိုင်ငံဖြစ်နေပါတယ်။ ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးအင်အား (၄) သိန်းရှိတယ်လို့ ပြောနေစေကာမူ၊ လက်တွေ့မှာ လူထုရဲ့ စာရိတ္တမဏ္ဍိုင်ကို ဘာသာရေးနည်းအားဖြင့်လည်း မထိန်းကွပ်နိုင်ပါ၊ တရားဥပဒေဆိုတာလည်း ပျောက်ဆုံးနေတာမို့ ဥပဒေစိုးမိုးခြင်းအားဖြင့်လည်း မပဲ့ပြင်နိုင်ပါ။
၃။ မြန်မာလူထုရဲ့ အမြင်အတွေးတွေထဲမှာ စာရိတ္တမဏ္ဍိုင်ကို ပဲ့ပြင်ထိန်းကျောင်းနေပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးတွေ ကိုယ်၌က ကျင့်ဝတ်မရှိ၊ သီလမရှိ၊ မူမရှိ၊ စည်းမရှိ ကမ်းမရှိ၊ ဂုဏ်သိက္ခာမရှိတဲ့ မြန်မာစစ်တပ်ကို သဘောထားကြည်ကြည်ဖြူဖြူနဲ့ ဆရာ – ဒကာ ဆက်ဆံရေးအကြား တုပ်နှောင်ခံထားရတဲ့လက်ဝေခံတွေလို ဖြစ်နေတယ်လို့ ခံစားထင်မြင်နေကြပါတယ်။ ဒီအမြင်ကို လက်တွေ့အားဖြင့် အမှန်တကယ် မဟုတ်ကြောင်း ဗုဒ္ဓဘာသာသံဃာ့အဖွဲ့အစည်းတစ်ခုလုံးက ကာယကံမြောက် မငြင်းဆိုနိုင်ပါ။
၄။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ – စနစ်ကို ထိန်းကျောင်းတဲ့ ဥပဒေစနစ်နဲ့ အုပ်ချုပ်မှုစနစ်ကလည်း ခြစားယိုယွင်းပျက်စီးနေတာဖြစ်ခြင်းကြောင့် လူ့အဖွဲ့အစည်းတွင်းက စာရိတ္တမဏ္ဍိုင်ဟာ အလွှာအလိုက် တတိတိ ဖျက်ဆီးခံနေရပါတယ်။ လူမှုစံနှုန်းတွေနဲ့သော်လည်းကောင်း၊ ဘာသာရေးနှုန်းစံတွေနဲ့သော်လည်းကောင်း ကန့်သတ် ထိန်းကွပ်ထားတဲ့ ကျင့်ထုံးတွေကလည်း လူမှုရေးနဲ့ ဘာသာရေးနယ်ပယ်တွင်းက အလေးအမြတ်ပြုဖွယ်ရာပုဂ္ဂိုလ်တွေ ကိုယ်၌က ပုံပျက်နေတာဖြစ်လို့ ခေါင်က စပြီး မလုံသလို ဖြစ်နေပါတယ်။ ဒီဖြစ်စဉ်ဟာ မြန်မာ့လူ့အဖွဲ့အစည်းကို တဖြည်းဖြည်းနဲ့ အောက်ကို ဆွဲချခေါ်ဆောင်နေပါတယ်။
၅။ အထွေထွေ လူမှုစီးပွားပျက်စီး ဆုတ်ယုတ်တဲ့ဒဏ်ကြောင့် လက်တွေ့ဖြတ်သန်းရတဲ့ လူမှုဘဝတွေဟာ တဖြည်းဖြည်း ပိုမိုခက်ခဲလာနေပါတယ်။ နိုင်ငံရေးအကျပ်အတည်းနဲ့ စစ်ဘေးစစ်ဒဏ်ခံစားနေရတဲ့အပြင် ကျေးလက်နဲ့ မြို့ပြမှာလည်း ရာဇဝတ်မှုတွေ ထူပြောလာမှုဟာ တဖြည်းဖြည်း များပြားလာနေပါတယ်။ တိုင်းပြည်ကို ငြိမ်းချမ်းအောင် ကာကွယ်နေပါတယ်ဆိုတဲ့လူတွေ ကိုယ်၌က တိုင်းပြည်ကို မငြိမ်းချမ်းအောင် လုပ်နေသူတွေ ဖြစ်နေပါတယ်။ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းရဲ့ ကိုယ်ကျင့်တွေကို ပဲ့ပြင်ဆုံးမသူတွေ ကိုယ်၌က ကိုယ်ကျင့်သီလပျက်စီးနေသူတွေ ဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ခေါင်က စပြီး ပျက်နေလို့ တဖြည်းဖြည်းနဲ့ အတွင်းလှိုက်လို့ ပျက်စီးလာသလို၊ အပြင်ပိုင်းမှာလည်း တိုက်စားခံနေရတဲ့ စာရိတ္တမဏ္ဍိုင်ဟာ ပိုကောင်းလာစရာ မရှိဘဲ ပိုဆိုးလာစရာသာ ရှိကြောင်း သတိချပ်သင့်ပါတယ်။
အယ်ဒီတာ
၁၁ ၊ အောက်တိုဘာ၊ ၂၀၂၂။