မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်းတစ်ခုကို အေအေ ထပ်မံသိမ်းပိုက်

Photo – AA

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲက စစ်ကောင်စီရဲ့နယ်ခြားစောင့်တပ်စခန်း တစ်ခုဖြစ်တဲ့ လိပ်ရနယ်ခြား စောင့်တပ်စခန်းကို အောက်တိုဘာ (၁၀) မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ထုတ် ပြန်ပါတယ်။

အဲ့ဒီစခန်းဟာ နယ်ခြားစောင့်ရဲတွေနဲ့စစ်ကောင်စီတပ်သားတွေပူးပေါင်းနေထိုင်တဲ့ စခန်းတစ်ခုဖြစ်ပြီး ပြည်သူ တွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့ညမရွေးရမ်းသမ်းပစ်ခတ်တိုက်ခိုက်နေတဲ့ စခန်းတွေထဲက တစ်ခုဖြစ်တယ်လို့ AA က ဆိုပါတယ်။
စစ်ကောင်စီက လက်နက်ကြီးပစ်ကူ နေရာအနှံ့ကပေးခဲ့ပေမယ့် တိုက်ပွဲကြာချိန် တနာရီအတွင်း အဲ့ဒီကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူတွေရှိတယ်လို့ AAကဖော်ပြထားပေမယ့် အရေ အတွက် ကိုတော့ အတိအကျဖော်ပြမထားပါဘူး။စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို အရှင်ဖမ်းမိခဲ့ပြီး လက် နက်ခဲယမ်း အများ အပြားကိုလည်း AA တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တိုက်ပွဲမှာ AA တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး အချိန်တိုတိုအတွင်း အထိအခိုက်အနည်းဆုံးနဲ့ သိမ်းပိုက်ရရှိခဲ့တဲ့ စခန်း သိမ်းတိုက်ပွဲဖြစ်တယ်လို့ AAကဆိုပါတယ်။

ရခိုင်ပြည်နယ်နဲ့ ပလက်ဝဒေသတွေမှာ AA နဲ့ စစ်ကောင်စီတို့ တကျော့ပြန်တိုက်ပွဲတွေပြန်ဖြစ်လာချိန်ကတည်းက AA က စစ်ကောင်စီတပ်စခန်းတွေကိ ဆက်တိုက်သိမ်းပိုက်နေပြီး လအနည်းငယ်အတွင်း အနည်းဆုံး စစ်စခန်း ရှစ်ခုထက်မနည်း သိမ်းပိုက်ထားတယ်လို့ ဒေသတွင်းသတင်းတွေကဆိုပါတယ်။

အခုလပထမပတ်အတွင်းမှာလည်း AAနဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲကြီး (၁၀)ခုကျော်နဲ့ တိုက်ပွဲငယ်(၁၀)ခု ကျော် ဖြစ်ခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေးဆယ်ဝန်းကျင်သေဆုံးပြီး (၂၅)ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။