စစ်ကောင်စီက ရွာသာကြီးစံပြကျေးရွာကို ဝင်ရောက်ပစ်ခတ်လို့ အရပ်သား ခုနစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး ၊ ဝက်လက်မြို့နယ် အတွင်းမှာရှိတဲ့ ရွာသာကြီးစံပြကျေးရွာကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ မီးရှို့တာတွေလုပ်နေတယ်လို့ ဒေသခံ သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
“ရွှေဘိုဘက်ကနေ ၁၆ဘီးကားနဲ့ မနက်၅ခွဲ ၆ လောက်မှာ မောင်းလာတယ်၊ ပြီးတော့ ရွာသာကြီးရွာဝင်ပေါက်မှာ ပစ်ခံရတယ်၊ ပြည်သူတွေလည်းမှန်တယ်၊ အဲ့ဒါပြီးတော့မနက် ၉နာရီမှာ မီးစရှို့ခံရတယ်၊ ရွာသာကြီးကစံပြကျေးရွာဆိုတော့ အိမ်ခြေကတော့ တော်တော်များတယ်၊ အင်အားကတော့ ၄၀လောက်ရှိမယ်၊ လှတောရဲစခန်းမှာရှိတဲ့ စခ၊ရခပျူတွေကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နှစ်ဖက်ညှပ်ပစ်နေတယ်၊” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ရွာသာကြီးရွာအလည်ကို လက်နက်ကြီးကျခဲ့ပြီး ပြည်သူ၇ဦးထက်မနည်း လက်နက်ကြီးစထိမှန်ပြီး ထိခိုက်ဒဏ်ရာရှိခဲ့တဲ့အပြင် နွားနဲ့ တခြားတိရိစ္ဆာန်အများအပြားသေဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။
ရွာသာကြီးကျေးရွာတောင်ဘက်မှာရှိတဲ့ အောင်လံတော်ဆန်စက်ပိုင်ရှင်ကိုဖမ်းခေါ်သွားပြီး ငွေကျပ်သိန်း၃၀၀နဲ့ ရွှေ၈ကျပ်သားကိုယူသွားတဲ့အပြင် ဆန်စက်ကိုလည်းမီးရှို့သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက ရွာသာကြီးလမ်းစုံမှာရှိတဲ့ ဖုန်းဆိုင်တွေနဲ့ လျှပ်စစ်ပစ္စည်းဆိုင်တွေကို မီးရှို့သွားတဲ့အပြင် ရွာထဲမှာရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်ထားတယ်လို့လည်း သိရပါတယ်။