ဖျာပုံ​ထွေအုပ်ဝန်ထမ်းအမျိုးသမီးတဦး အကြမ်းဖက်ဥပဒေနဲ့ ထောင်ဒဏ်ချမှတ်ခံရ

စက်တင်ဘာလ ၂၃ ရက်နေ့က ဧရာဝတီတိုင်း၊ ဖျာပုံ​မြို့ထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်း အမျိုးသမီး တဦးကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂(ည)နဲ့ စစ်ကောင်စီလက်အောက်ခံ ဖျာပုံ မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။
ဖျာပုံ ၁၇ ရပ်ကွက်နေ မသဇင်အေး ထွေထွအုပ်ချုပ်ရေးမှူးရုံး စာရေးဝန်ထမ်းကို သူ့ရဲ့ လက်ကိုင်ဖုန်းထဲမှာတွေ့တဲ့ အချက်အလက်တွေနဲ့ ပါတ်သက်ပြီး ပြီးခဲ့တဲ့ မေလက တရားစွဲဆိုခံရတာလို့ ဆိုပါတယ်။
“ဖျာပုံမှာက အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံရပြီးတော့ ပြန်လွတ်သွားတဲ့သူတွေလဲရှိပါတယ် ၊ အမှုမဖွင့်ရပဲ လွတ်သွားတဲ့သူတွေလဲရှိနေပါတယ် ၊ သဇင်အေးကတော့ ထွေအုပ်စာရေးထဲမှာ ပထမဆုံးထောင် ၃ နှစ် ပြစ်ဒဏ် ကျခံရတဲ့သူပေါ့ ဆင်းရဲတော့ ပိုက်ဆံမပေးနိုင်ဘူးလေ အဲတော့ထောင်တာပါပဲ” လို့ ဖျာပုံမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။
ဖျာပုံမြို့မှာ မသင်္ကာစွပ်စွဲပြီး ဖမ်းဆီးတရားစွဲခံထားရသူ အယောက် လေးဆယ်ကျော်ရှိနေပြီး အဲဒီထဲမှာ ရဲဝန်ထမ်းနဲ့ ထွေအုပ်ဝန်ထမ်းတွေလည်း ပါဝင်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။