ပုသိမ်မြို့မရဲစခန်းက အချုပ်သား ၆ ဦးထွက်ပြေး

ဧရာဝတီတိုင်း ပုသိမ်မြို့ မြို့မရဲစခန်း အချုပ်ခန်းက အချုပ်သား ၆ ဦး ထွက်ပြေးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝန်းဆီက သိရပါတယ်။
ဒီကနေ့ မတ်လ ၁ ရက်နေ့ မနက် ၁ နာရီခန့်လောက်မှာ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
“အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလို့ကြားနေတယ် စုစုပေါင်း ၆ ဦး၊ ပြေးတဲ့အထဲမှာ လူသတ်တရားခံလဲ ပါနေတယ်လို့ ပြောတယ်၊ ဘယ်လိုပြေးသွားလဲဆိုတာတော့ မသိသေးဘူး ရဲတချို့လည်း အဖမ်းခံထားရတယ်လို့ ကြားပါတယ်၊ နယ်ထိန်းတွေဆိုရင် လက်ဖက်ရည်ဆိုင်တောင် မထိုင်နိုင်တော့ဘူး၊ ကိုယ့်အလုပ်ကိုယ်အာရုံစိုက်မလုပ်ဘဲ စခနောက်လိုက်ပြီး အလုပ်ရှုပ်နေတော့ ခံရတာနည်းသေးတယ်”လို့ ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။
ပုသိမ်မြို့မစခန်းဟာ လုံခြုံရေးတင်းကြပ်ထားတဲ့ နေရာတစ်ခုဖြစ်ပြီး တိုင်းရဲတပ်ဖွဲ့ရုံးနဲ့ မျက်နှာချင်ဆိုင်မှာ ရှိတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။ စခန်းဝင်းတစ်ခုလုံးမှာ ရဲတပ်ဖွဲ့နဲ့ မိသားစုဝင်တွေသာ နေထိုင်ကြတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။