ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အလှူငွေကိစ္စစစ်ဆေးမှုမှာ အပြစ်မရှိဘူးလို့ အတိုင်ပင်ခံ ထွက်ဆို

Photo – BBC

စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ငွေလှူတယ်ဆိုပြီး စစ်ကောင်စီက စွဲချက်တင်ထားတဲ့ အမှုအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် အချုပ်ထောင်၊ အထူးတရားရုံးမှာ ဒီကနေ့ စက်တင်ဘာလ၂၀ ရက်နေ့က အစစ်ဆေးခံခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

“ဒီနေ့ အဓိက စစ်တာ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့အမှုတွေထဲက အမှု အမှတ် ၄၇ နဲ့ ၄၈ အတွက် စစ်တယ်။လိုပြသက်သေပေါ့။လိုပြသက်သေ ယခင် လူကယ်ပြန်က ဒုတိယအမြဲတမ်းအတွင်းဝန် ဦးနေဝင်းကို စစ်တာပေါ့၊အဲဒီအမှုပြီးတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကိစ္စ အန်တီ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တယ်။ သူကတော့ အပြစ်မရှိဘူးပြောတယ်။ သူ့ကျန်းမာရေးလည်း ကောင်းတယ်။ အောက်တိုဘာလ နောက်လ ၄ရက်နေ့မှာ အပြီးသတ် လျှောက်လဲချက်ပေးမယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက စလို့ အမှုအတွက် လိုပြသက်သေတွေ ရုံးချိန်းကို မလာခဲ့တာကြောင့် ကျန်နေသေးတဲ့ လိုပြသက်သေတွေကို တရားရုံးက ဖယ်လိုက်ပြီး ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

မနေ့က စက်တင်ဘာလ ၁၉ ရက်နေ့မှာ ရဟတ်ယာဉ်အမှု အမှုအမှတ် ၄၆ နဲ့ ၄၉ အတွက် တရားလိုပြသက်သေတွေဖြစ်တဲ့ ပို့ဆက် ဝန်ကြီးဌာနက ဦးဖြိုးမင်းဦးနဲ့ အရင် လူကယ်ပြန်က ဒုတိယအမြဲတမ်းအတွင်းဝန် ဦးနေဝင်းကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်က အမေရိကန်ဒေါ်လာ ၅သိန်း လှူတယ်ဆိုတဲ့ အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ ၊ ၄ /၂၀၂၂ နဲ့ တရားစွဲဆိုထားတာပါ။

ဒီအမှုနဲ့ ပတ်သတ်ပြီး ရှေ့နေအဖွဲ့က တရားလွှတ်တော်ချုပ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က ချေဖျက်ခွင့်တင်ခဲ့ပေမယ့်လည်း သြဂုတ်လ ၁၇ ရက်နေ့မှာတော့ ပယ်ချခံခဲ့ရပါသေးတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေလှူခဲ့တာသာ ဖြစ်တယ်လို့ ဦးမောင်ဝိတ်ကိုယ်တိုင်ကလည်း ထွက်ဆိုခဲ့ပြီး ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး စွပ်စွဲတဲ့ အဂတိအမှု ၄မှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပါသေးတယ်။

ဒါကြောင့် လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စွဲဆိုထားခံထားရတဲ့ အမှုတွေထဲက စစ်ဆေးပြီး အမှုတွေအတွက် စုစုပေါင်း ထောင်ဒဏ် အနှစ် ၂၀ ထိ ချမှတ်ခံထားရတယ်လို့ သိရပါတယ်။