ကမာရွတ် စည်ပင်ရဲဝန်းထဲ ဗုံးပေါက်ကွဲပြီး လမ်းသွားလမ်းလာ လေးဦးထိခိုက်ဒဏ်ရာရ

Photo – CJ
ကမာရွတ်မြို့နယ်၊ နာနတ်တောမီးပွိုင့်အနီးက စည်ပင်ရဲဝန်းအတွင်းမှာ ဒီကနေ့စက်တင်ဘာ (၁၆) ရက် မနက် ၁၀ နာရီလောက်ကဗုံးပေါက်ကွဲပြီး လမ်းသွားလမ်းလာတချို့ထိခိုက်မှုရှိတယ်လို့အနီးဝန်းကျင်မှာနေထိုင်သူတွေက DNA ကိုပြောပါတယ်။
 
“ကြားတာတော့ လေးဦးပေါ့၊ဆေးရုံကားနဲ့ခေါ်သွားပြီ၊ထိတာနဲနဲတော့များတယ်ထင်တယ်” လို့ စည်ပင်ရဲဝန်းအနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။
 
ပေါက်ကွဲမှု​ဖြစ်ပွားပြီးနောက်မှာစစ်ကောင်စီတပ်တွေ ရောက်လာပြီး မပေါက်ကွဲသေးတဲ့ဗုံးတစ်လုံးထပ်မံတွေ့ရှိတာကြောင့် ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။
“နောက်ထပ်ဗုံးတစ်လုံး ထပ်တွေ့တယ်လို့ကြားတယ်၊ သိပ်မကြာဘူး စကစတပ်တွေက ဖောက်ခွဲလိုက်တယ်၊ ဗုံးပေါက်သံအကျယ်ကြီး ထပ်ကြားလိုက်ရသေးတယ်”လို့ စည်ပင်ရဲဝန်းအနီးက အိမ်ယာတစ်ခုမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
အခုလိုပေါက်ကွဲမှုဖြစ်တာကြောင့် စစ်ကောင်စီတပ်တွေက နာနတ်တောလမ်းဂုံးတံတာအောက်ကနေ ဟံသာဝတီမီးပွိုင့်အထိ လမ်းပိတ်လိုက်ပြီး စမ်းချောင်းမြို့နယ်၊ကျွန်တောလမ်းမကြီးတစ်လျှောက်သွားလာနေတဲ့ ယာဥ်တွေအပြင် ဘတ္ထရီစက်ဘီးတွေကိုပါ စစ်ဆေးခဲ့တယ်လို့ မျက်​မြင်တွေ့သူတွေကပြောပါတယ်။
 
“ကျွန်တော်တို့ ကျွန်းတောလမ်းက ကိုးနဝင်းဘုရားစေတီအရှေ့မှာစစ်တာ၊တချို့စက်ဘီသမားတွေကိုစစ်ဆေးပြီး လက်မှတ်ထိုးခိုင်းတာတွေပါလုပ်တာ” လို့ စမ်းချောင်းမြို့နယ်၊မုန့်လုပ်ဆောင်းကုန်း (တောင်)ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။
 
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ ဘယ်အဖွဲ့အစည်းက ဖောက်ခွဲတိုက်တယ်ဆိုတာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
 
ဒီကနေ့ စက်တင်ဘာ ၁၆ ရက် မနက် ၁၁ နာရီဝန်း ကျင်ကလည်း သာကေတမြို့နယ်၊ အမှတ် (၂) ရပ်ကွက်က အ.မ.က(၃) ကျောင်းနဲ့ ရဲစခန်းအနီးမှာလည်း ပစ်ခတ်မှုတွေဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။
 
Photo – (ဗုံးပေါက်ပြီးနောက် စစ်တပ်ကပိတ်ဆို့စစ်ဆေးနေတဲ့မြင်ကွင်း)