ကန့်ဘလူ မိဿလင်ရွာကို အကြမ်းဖက်စစ်တပ်မီးရှို့ဖျက်ဆီးနေ

Photo – Google

ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းရှိ မိဿလင်ရွာကို အကြမ်းဖက်စစ်တပ်က မနေ့က စက်တင်ဘာလ ၁၅ ရက်နေ့မှာကျေးရွာတွင်းဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိန်းရှောင်နေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ဦးက DNA ကိုပြောပါတယ်။

“မနေ့ကစပြီး မိသာလင်ရွာကို မီးဝင်ရှို့တာပါ။ တစ်ရွာလုံးအသက်လုပြေးနေရတယ်။ အိမ်ခြေဘယ်လောက်ပါသွားလဲမသိနိုင်သေးဘူး” လို့ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ မီးရှို့ဖျက်စီးမှုကြောင့် နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့သလို ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် မိဿလင်ရွာ အပြစ်မဲ့ပြည်သူ ၂ ယောက်လဲ ကျည်ထိမှန်ခဲ့သေဆုံးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

မိဿလင်ရွာမှာ အိမ်ခြေ (၂၇၀) ရှိပြီး၊လူဦးရေ (၁၃၀၀) ခန့်ရှိပါတယ်။ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါပြီး ဒီနေ့စက်တင်ဘာလ ၁၆ ရက်နေ့မှာတော့ အင်ကြင်းစုရွာကို ဝင်ရောက်နေပြီး ကျေးရွာအတွင်းမှ ဒေသခံတွေရဲ့ ဖုန်းတွေကို လိုက်လံသိမ်းယူနေတယ်လို့ ဆိုပါတယ်။