ပရော်ဖက်ရှင်နယ် တင်းနစ်သမားဘဝကို စွန့်ခွာတော့မယ့် ဖက်ဒါရာ

Photo – ESPN

တင်းနစ်လောကရဲ့ အငြင်းပွားစရာ မရှိတဲ့ ဂန္ထဝင် တစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီးတဲ့နောက် ရော်ဂျာ ဖက်ဒါရာဟာ ပရော်ဖက်ရှင်နယ် ပြိုင်ပွဲတွေကို အပြီးတိုင် ကျောခိုင်းတော့မယ်လို့ ကြေညာခဲ့ပါတယ်။ 

သူ့အသက်က ၄၁ နှစ် ရှိလာပြီဖြစ်ပြီး ပြင်းထန်တဲ့ ဒူးဒဏ်ရာအတွက် ခွဲစိတ်ကုသမှုတွေ ခံယူခဲ့ရတဲ့နောက် သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘဝကို ပြည်ဖုံးကားချသင့်ပြီလို့ ဆွစ်ဇာလန် တင်းနစ် အကျော်အမော်က ဆုံးဖြတ်လိုက်ပါတယ်။ 

ရာဖေးလ် နာဒဲလ်၊ နိုဗက် ဂျိုကိုဗစ်တို့နဲ့အတူ မျိုးဆက်တစ်ခုအတွင်း ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ကြီးသုံးကြီးအဖြစ် တင်းနစ်လောကကို စိုးမိုးခဲ့တဲ့ ဖက်ဒါရာဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘဝတလျှောက် ဂရင်းဆလင်းအဆင့် အထင်ကရ ပြိုင်ပွဲကြီးတွေမှာ အကြိမ် ၂၀ ထိ ဗိုလ်စွဲခဲ့ဖူးပြီး ကမ္ဘာ့အဆင့် ၁ တင်းနစ်သမား အဖြစ်လည်း နှစ်ရှည်လများ ရပ်တည်ပြခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်း ဒဏ်ရာတွေ၊ ခွဲစိတ်မှုတွေကြောင့် သူ့အတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရကြောင်း၊ အကောင်းဆုံး ပုံစံနဲ့ ပြိုင်ပွဲဝင်နိုင်မယ့် အဆင့်မျိုးထိ ပြန်တည်ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် အကန့်အသတ်တွေ အရမ်းကြီးသွားပြီ ဆိုတာကို သူ့ကိုယ်သူ နားလည်ကြောင်း၊ သူ့အသက် ၄၁ နှစ် ရှိနေပြီ ဖြစ်သလို ၂၄ နှစ်အတွင်း ပွဲပေါင်း ၁၅၀၀ ကျော်ထိ ယှဉ်ပြိုင်ခဲ့ကြောင်း၊ တင်းနစ် အားကစားဟာ သူအိပ်မက်ခဲ့ဖူးသမျှ အားလုံးထက် ပိုပြီး ဖြည့်စွမ်းပေးခဲ့ပေမယ့် အခုတော့ အနားယူဖို့ အချိန်တန်လာပြီဆိုတာ သတိပြုမိခဲ့ကြောင်း ဖက်ဒါရာက ထုတ်ပြန်ခဲ့ပါတယ်။ 

ဖက်ဒါရာဟာ တင်းနစ်သမိုင်းမှာ ဂရင်းဆလင်း ဆုဖလားတွေကို အရေအတွက် တတိယ အများဆုံး ဆွတ်ခူးခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူ့ထက် ပိုများတဲ့ ဂရင်းဆလင်း ချန်ပီယံတွေဆိုလို့ နာဒဲလ်က ၂၂ ကြိမ်နဲ့ ဂျိုကိုဗစ်က ၂၁ ကြိမ်သာ ရှိခဲ့ပါတယ်။ 

ဖက်ဒါရာဟာ မကြာခင် စတင်မယ့် လာဗာဖလား ပြိုင်ပွဲမှာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘဝ နောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဒီနောက်မှာတော့ ပရော်ဖက်ရှင်နယ် ဘဝကို အပြီးတိုင် ကျောခိုင်းတော့မှာ ဖြစ်ပါတယ်။ သူက တင်းနစ် ဆက်ကစားဖို့ စိတ်ကူးရှိပေမယ့် ပြိုင်ပွဲဝင် အဆင့်မှာတော့ မဖြစ်နိုင်တော့ဘူးလို့လည်း ​ဝန်ခံပါတယ်။

ဖက်ဒါရာရဲ့ တင်းနစ်သမား ဘဝမှာ ဂုဏ်ယူစရာ မှတ်တမ်းကောင်းတွေ အများကြီး ရှိခဲ့ပြီး အဲဒီထဲမှာမှ ၂၀၀၅ ကနေ ၂၀၀၇ ခုနှစ်အတွင်း ဂရင်းဆလင်း ပြိုင်ပွဲကြီး ၄ ခုရဲ့ ဗိုလ်လုပွဲတွေကို ၁၀ ကြိမ်ဆက်တိုက် တက်ရောက်ပြီး ၈ ကြိမ် ဗိုလ်စွဲတာလည်း အပါအဝင် ဖြစ်ပါတယ်။ 

သူ့ရဲ့ ပထမဆုံး ဂရင်းဆလင်း ဆုဖလားကိုတော့ ဝင်ဘယ်လ်ဒန် ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ၂၀၀၃ ခုနှစ်မှာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဖက်ဒါရာဟာ သမိုင်းတလျှောက် ဂရင်းဆလင်း ဆုဖလားတွေကို အကြိမ်ပေါင်း ၂၀ ပြည့်အောင် ပထမဆုံး ဆွတ်ခူးနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီးမှ နာဒဲလ်နဲ့ ဂျိုကိုဗစ်တို့က ကျော်တက်ခဲ့ကြတာပါ။ 

ဖက်ဒါရာရဲ့ ဇနီးဖြစ်သူ မာကာကလည်း တင်းနစ်မယ် တစ်ဦးဖြစ်ပြီး အိုလံပစ် ပြိုင်ပွဲမှာ အတူပါဝင်ယှဉ်ပြိုင်ရင်း တွေ့ဆုံ ချစ်ကျွမ်းဝင်ခဲ့ကြတာ ဖြစ်ပါတယ်။