ဖျာပုံမြို့နယ်တရားသူကြီးနဲ့ ဥပဒေအရာရှိ ပေါင်းပြီး နိုင်ကျဉ်းမိသားစုတွေကို ငွေညှစ်နေ

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်တရားရုံးမှာ နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲခံထားရသူတွေ ဆီကနေ တရားသူကြီးနဲ့ ဥပဒေအရာရှိက ငွေညှစ်နေတယ်လို့ အမည်မဖေါ်လိုတဲ့ တရားရုံးဝန်ထမ်းတဦးက ပြောပါတယ် ။

“နိုင်ငံရေးအမှုတွေမှာ သေချာတဲ့ သက်သေခိုင်လုံတာတွေ မရှိပေမဲ့လည်း စစ်ကောင်စီအလိုကျ ဖျာပုံတရားရုံးက အကြမ်းဖက်ပုဒ်မ ၅၂ ကို ထောင် သုံးနှစ် ​ပြစ်ဒဏ်ချ နေရာက ကျိုက်လတ်တရားသူကြီးက စတန့်ထွင်ပြီးတော့ ကျိုက်လတ် ပထမဆုံး အမှုကို ငါးနှစ်ချလိုက်တယ်လေ။ အဲဒီမှာ စတာပဲ ကျိုက်လတ် အတိုင်း ငါးနှစ် ချရမလား မချစေချင်ရင် သုံးနှစ်ပဲ ချပေးမယ် ။ သူတို့တရားသူကြီး နဲ့ ဥပဒေအရာရှိကို ငါးသိန်းစီပေးဖို့ကို တောင်းတော့တာ”လို့ ပြောပါတယ် ။
ဖျာပုံမြို့နယ် တရားသူကြီး ဒေါ်ဇင်မာလွင်နဲ့ ဥပဒေအရာရှိဖြစ်တဲ့ ဒေါ်ဝေဝေဖြိုးတို့ နှစ်ယောက်က အခုလို နိုင်ငံရေးပုဒ်မနဲ့ အမှုရင်ဆိုင်နေကြရတဲ့ မိသားစုဝင်တွေဆီကနေ တရားမဝင် ငွေတောင်းခံနေတာလို့ ဆိုပါတယ် ။ အဲဒီလို ငွေတောင်းခံဖို့ ကြားခံအဖြစ် တရားရုံးဝန်ထမ်း စာရေးမ မသဥ္ဇာဝင်းက တဆင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ် ။

ဒေါ်ဇင်မာလွင်ဟာ ဖျာပုံမြို့နယ်တရားရုံးကို ယာယီတရားသူကြီး အဖြစ်နဲ့သာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပြီး တာဝန်ကျစဉ် ခနမှာ ငွေကိုအပူတပြင်းရှာဖွေနေတယ်လို့လည်း ဖျာပုံတရားရေးသိုင်းအဝန်းမှာ ပြောဆိုနေကြပါတယ် ။

တရားသူကြီးနဲ့အတူ ဥပဒေအရာရှိ နှစ်ယောက်ပေါင်းပြီး နိုင်ငံရေးအမှုတွေ အပြင် အခြားပြစ်မှုတွေနဲ့ ရင်ဆိုင်နေရသူတွေကိုလည်း အမှုတမှု့ကို အမိန့်ချကြေး (၅) သိန်းကနေ (၁၅)သိန်း ၊ သိန်း(၂၀) အထိ တောင်းယူနေတာ ၊ တရားသူကြီး ကျင့်ဝတ်နဲ့ မညီညွှတ်တဲ့ အပြုအမှုတွေ လုပ်ဆောင်တာ ၊ တရားခွင်မှာ အော်ဟစ်ဆူပူတာတွေကို လုပ်နေတယ်လို့ သိရပါတယ် ။