သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သမ္မတ ရှီကျင့်ဖျင်တို့ဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှု မြင့်တက်နေတဲ့ အချိန်မှာပဲ ဇူလိုင်လ ၂၈ရက်နေ့မှာ ထိုင်ဝမ်နဲ့ ပတ်သတ်ပြီး ပြတ်ပြတ်သားသား ဆွေးနွေးခဲ့ကြပါတယ်။
ရှီကျင့်ဖျင်ဟာ Covid-19 ကပ်ရောဂါကာလအတွင်း ခရီးသွားလာမှုကို တင်းကြပ်ထားတာကြောင့် ပထမဆုံး မျက်နှာချင်းဆိုင် ထိပ်သီးဆွေးနွေးပွဲအတွက် အစီအစဉ်တွေကို စတင်ဖို့ ခေါင်းဆောင်နှစ်ဦးက သဘောတူခဲ့ ကြတာ ဖြစ်ပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းအပေါ် တရုတ်ရဲ့လှုပ်ရှားမှုတွေကို အမေရိကန် တာဝန်ရှိသူတွေက စိုးရိမ်နေတာဖြစ်ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီရဲ့ ထိုင်ဝမ်ကို သွားရောက်ဖို့ စီစဉ်နေတဲ့ ခရီးစဉ်အပေါ်မှာလည်း တရုတ်က ကန့်ကွက် သတိပေးထားတာတွေရှိနေတာ ဖြစ်ပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ ဇူလိုင်လ ၂၈ရက်နေ့မှာ ၂ နာရီ ၁၇ မိနစ်ကြာ ဖုန်းပြောဆိုခဲ့ကြပြီး ထိုင်ဝမ်အရေးနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့ ကြပါတယ်။ ရှီကျင့်ဖျင်က ဘိုင်ဒန်ကို ဆိုးဝါးတဲ့ သတိပေးချက်တစ်ရပ်ကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
“လူထုရဲ့ သဘောထားကို မချိုးဖောက်သင့်ဘူး၊ မီးနဲ့ ကစားရင် မီးလောင်ခံရလိမ့်မယ်၊ အမေရိကန်ဘက်က ဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်မယ်ထင်တယ်” လို့ ဘိုင်ဒင်ကို ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။
ခေါ်ဆိုမှုနဲ့ပတ်သက်ပြီး အိမ်ဖြူတော်က တိတိကျကျ ပြောဆိုတာမရှိပေမယ့် ထိုင်ဝမ်အရေးမှာ အမေရိကန်ပြည်ထောင်စုရဲ့မူဝါဒဟာ ပြောင်းလဲသွားမှာမဟုတ်ဘဲ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေမယ့် တစ်ဖက်သတ် ကြိုးပမ်းမှုတွေကို အမေရိကန်က ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။
ကြာသပတေးနေ့ ဖုန်းပြောဆိုမှု နိဂုံးချုပ်မှာတော့ ခေါင်းဆောင်နှစ်ဦးဟာ လူကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ဆုံဖို့ အစီအစဉ် အပါအဝင် မိမိတို့အဖွဲ့အတွက် လုပ်ဆောင်ချက်တွေကို မှတ်သားခဲ့ကြပြီး သူတို့ဟာ ခုချိန်ထိ သမ္မတအနေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံတာ မရှိသေးဘူးလို့ သိရပါတယ်။