အလင်းဝင်မယ့် စစ်သားနဲ့ရဲတို့ကို ကျပ်သိန်း ၅၀ ချီးမြှင့်မယ်

အလင်းဝင်ချင်တဲ့ စစ်သားနဲ့ရဲတို့ကို ကျပ်သိန်း ၅၀ နဲ့အတူကြိုဆိုပြီး ပြည်သူ့ရင်ခွင်နဲ့ပါ ချိတ်ဆက်ပေး မယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်မှုကော်မတီက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဇွန်လ ၂၄ ရက်နေ့မှာ ဝက်လက်အခြေခံပညာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကျောင်းသူ မသွန်းနံ့သာရဲ့ မိခင်ကိုဓားစားခံအဖြစ် ဖမ်းဆီးသွားပြီး ရိုက်နှက်နှိပ်စက်ကာ သမဂ္ဂကျောင်းသားတွေ အလင်းဝင်ဖို့ ဝက်လက်မြို့နယ်ရဲစခန်းက ဖုန်းဆက် ခြိမ်းခြောက်ခဲ့တဲ့အပေါ် တုံ့ပြန်ကြေညာချက်ထုတ်ပြန်ရာမှာ အဲဒီလိုဖော်ပြထားပါတယ်။
အလင်းဝင်တယ်ဆိုတဲ့ စကားလုံးဟာ မျက်လုံးပုဝါအနက်ရောင်စီးထားတဲ့ စစ်ကျွန်တွေအတွက်သာဖြစ်ပြီး သပိတ်တိုက်ပွဲဝင်ရဲဘော်တွေဟာ ဘယ် လိုအကြောင်းနဲ့မှ အလင်းဝင်စရာမလိုဘူးလို့လည်း ဆိုပါတယ်။
‘ဖုန်းဆက်ခြိမ်းခြောက်ခြင်းများ လုံးဝဂရုမစိုက်ပါ။ ဖမ်းဆီးနိုင်စွမ်းရှိလျှင် ကျွန်တော်တို့ကိုသာ မိအောင်ဖမ်းပါ။မဆိုင်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးနှိပ်စက်ခြင်းသည် သင်တို့အလုပ်မဟုတ်ပါ’လို့ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်မှုကော်မတီက ထုတ်ပြန်ထားပါတယ်။
သားသမီးကိုမတွေ့ရင် မိဘကိုဖမ်းဆီးနှိပ်စက်ပြီး ပြန်ပေးဆွဲသလို ခြိမ်းခြောက်ခြင်းဟာ ဝက်လက်မြို့နယ်ရဲစခန်းရဲ့ အောက်တန်းကျတဲ့ အပြုအမူထို့လည်း မှတ်ချက်ပြုထားပါတယ်။
Photo-ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်မှုကော်မတီ