တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ရွာတွေဝင်ပြီး ဒေသခံ အချို့ကို ဖမ်းဆီးတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံဦးရေ ၃၀၀၀ လောက်ရှိလာပြီလို့ လောင်းလုံးမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“၅ရက်အတော်အတွင်းထဲမှာ ပြည်သူဦးရေ ၃၀၀၀ ခန့်ကတော့ နေအိမ်စွန့်ခွာတိမ်းရှောင်နေရတယ်။”လို့ သူက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က ဇွန် ၁၆ရက်ကနေစပြီး ဇွန် ၂၁ရက်နေ့အထိ PDF စခန်းတွေနဲ့ အဖွဲ့ဝင် CDM ဝန်ထမ်းတွေ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဆန္ဒပြလူငယ်တွေကို လမ်းကြောင်းမျိုးစုံအသုံးပြုပြီး ရှာဖွေနေရာမှာ ကျေးရွာနေအိမ်တွေကိုဝင်ပြီး ဖျက်ဆီးတာ၊သတ်ဖြတ်တာတွေ၊ပစ္စည်းလုယူတာတွေပါ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက်စစ်တပ် အခုလိုအကြမ်းဖက်မှုတွေလုပ်ဆောင်နေတာကြောင့် လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မြို့နယ်အတွင်း ဒေသခံပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းတွေအတွက်အရေးပေါ်တပ်လှန်တာတွေလုပ်ဆောင်နေတယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
“စစ်ကောင်စီရဲ့ဒီလိုအကြမ်းဖက်လုပ်တွေအပေါ်မှာ ထိခိုက်နစ်နာနေတဲ့ပြည်သူတွေ ၊ ထွက်ပြေးတိမ်းရှောင်နေရတဲ့ CDMဝန်ထမ်းတွေအတွက် တက်နိုင်သလောက်ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် အရေးပေါ်အခြေအနေ တစ်ရပ်အနေနဲ့ တပ်လှန့်ပြီးတော့ လိုအပ်တဲ့အကူအညီပေါ့။ လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ၊ ယာယီအဆောက်အဦ၊ ဆေးဝါး ၊ငွေကြေး အရေးပေါ်ထောက်ပံ့အကူအညီတွေအတွက် တပ်လှန့်ထားပါတယ်”လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။