 Counselor of the U.S. Department of State, Derek Chollet, speaks to media in Tripoli, Libya September 15, 2021. REUTERS/Ahmed al-Sahili
Counselor of the U.S. Department of State, Derek Chollet, speaks to media in Tripoli, Libya September 15, 2021. REUTERS/Ahmed al-Sahili
 
အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိမှာ မဟုတ်ဘဲ နိုင်ငံတကာကို လှည့်စားဖို့ကြိုးပမ်းမှုတစ်ရပ်သာ ဖြစ်လိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလတ်က ပြောပါတယ်။
 
ဇွန်လ ၁၁ ရက်နေ့၊ စင်ကာပူနိုင်ငံမှာကျင်းပတဲ့ ရှန်ဂရီလာဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲမှာ သူက အဲဒီလိုပြောကြားခဲ့တာပါ။
 
ဒါ့အပြင် စစ်အာဏာသိမ်းမှု ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကို လက်နက်ထောက်ပံ့ဖို့ရာလက်ရှိမှာ အမေရိကန်အနေနဲ့ စဉ်းစားချက် မရှိဘူးလို့ လည်း သူကပြောကြောင်း VOA ကဖော်ပြပါတယ်။
 
ကုလအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာကလည်း စစ်အုပ်စုပြု လုပ်မယ့်ရွေးကောက်ပွဲကနေ မှန်ကန်တဲ့ အရပ်ဖက်အုပ်ချုပ်ရေးတစ်ရပ် မဖြစ်နိုင်ဘူးလို့ဆိုသလို မြန်မာပြည်သူတွေက မယုံကြည်ဘူးဆိုရင် ဒါဟာ နောက်ထပ်အကြမ်းဖက်မှုတွေအတွက် အစပြုချက် ဖြစ်လာနိုင်တယ်လို့လည်း ရှန်ဂရီလာဆွေးနွေးပွဲမှာပြောပါတယ်။
 
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုပြုလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံတာသေချာပေမဲ့ အဲဒီ ရွေးကောက်ပွဲမဖြစ်မြောက်လာရေးအတွက် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတဲ့ လက်တွေ့ကျတဲ့ စဉ်းစားချက် ပင်မရှိသေးဘူးလို့ ရန်ကုန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူတစ်ဦးကဆိုပါတယ်။
 
‘ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာကြိုဆိုပါတယ်။ဒါပေမဲ့ လက်မခံဘူးလို့ ထိုင်အော်နေတာထက် လက်မခံတဲ့ရွေးကောက်ပွဲကို ဘယ်လိုတားဆီးသွားမလဲဆိုတာက အရေးကြီးပါတယ်။စစ်အုပ်စုရွေးကောက် ပွဲကို နည်းလမ်းစုံနဲ့ တိုက်မယ့် မြန်မာ့နိုင်ငံရေးအင်အားစုတွေနဲ့ မြန်မာပြည်သူတွေကို ဘယ်လိုကူညီမလဲ’ လို့ သူက မေးခွန်းထုတ်လိုက်ပါတယ်။
 
အကြမ်းဖက်စစ်အုပ်စုဟာ ပြည်တွင်း၊ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေက လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်ကြောင်းအတည်ပြုခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ကာ အာဏာသိမ်းခဲ့ပါတယ်။အခုအခါ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသားအနိုင်ရခဲ့တဲ့ NLD ပါတီ ဥက္ကဌ ကစလို့ အောက်ခြေပါတီဝင်တွေအထိ ဖမ်းဆီးထားသလိုအဖမ်းမခံရတဲ့ ပါတီဝင်တွေဟာလည်း တိမ်းရှောင်နေရပါတယ်။