ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်မယ့် စစ်အုပ်စုရဲ့အစီအစဉ် ကနေဒါသံရုံး ရှုတ်ချ

ဒီမိုကရေစီလိုလားတဲ့ ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်ဖို့ မြန်မာစစ်အာဏာရှင်အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အပေါ် ကနေဒါနိုင်ငံက ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။
ဒီနေ့(ဇွန်၇ရက်နေ့)မှာ မြန်မာနိုင်ငံဆိုင်ရာကနေဒါသံရုံးကို ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ကွပ်မျက်ခြင်းမပြုလုပ်ဖို့ ကနေဒါနိုင်ငံက မြန်မာစစ်တပ်ကို တိုက်တွန်းလိုက်ကြောင်းလည်းဆိုပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့တရားခွင်ဖြစ်ပေါ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာလွတ်လပ်ခွင့်ရရှိရေးအပါအဝင် လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေချိုးဖောက်မှုဆက်လက်ဖြစ်ပွားနေခြင်း အပေါ် ကနေဒါနိုင်ငံအနေဖြင့် စိုးရိမ်ပူပန်နေကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မတရားဖမ်းဆီးခံထားရသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ကနေဒါနိုင်ငံက ထပ်မံတောင်းဆိုလိုက်ပါတယ်။
ကနေဒါနိုင်ငံဟာ လူသားအားလုံးအတွက် ဘယ်လိုအခြေအနေမှာဖြစ်စေ သေဒဏ်ပေးမှုကို ဆန့်ကျင် တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီတောင်းဆိုမှုကို မြန်မာစစ်တပ်က ဆက်လက်လျစ်လျူရှုနေမှုကိုတုံ့ပြန်ဖို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကနေဒါနိုင်ငံက ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်းလည်းဆိုပါတယ်။