ဧပြီလအတွင်း ကရင်ပြည်နယ်မှာ တိုက်ပွဲပေါင်း ၅၀၀ကျော်ဖြစ်ပွား၊ စစ်အုပ်စုက ၃၅၀ကျော်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေထဲမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ နယ်မြေ ကျူးကျော်ထိုးစစ်ကြောင့် KNLA ၊ KNDO ပူးပေါင်းအဖွဲ့တွေနဲ့ ဧပြီလအတွင်း တိုက်ပွဲပေါင်း ၅၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၃၅၆ ဦးသေဆုံး ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်လိုက်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုနဲ့ နယ်ခြားစောင့်တပ် (BGF) တို့ကြား နေ့စဥ်ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီလတစ်လ အတွင်း တိုက်ပွဲပေါင်း ၅၀၇ ကြိမ်ဖြစ်ခဲ့လို့ အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုနဲ့ နယ်ခြားစောင့်တပ် (BGF) တို့ဘက်က ၃၅၆ ဦးသေဆုံးပြီး ၁၉၄ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
KNLA၊ (KNDO နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၁၅ ဦးကျဆုံးခဲ့ပြီး ၃၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုနဲ့ နယ်ခြားစောင့်တပ် (BGF) တို့ရဲ့ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုနဲ့ လေကြောင်းကတိုက်ခိုက်မှု တွေကြောင့် အပြစ်မဲ့ပြည်သူ ၁၀ ဦးအသက်သေဆုံးခဲ့ရပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။