ကရင်နီဒေသတခုလုံးရှိ လူဦးရေရဲ့ ၅၁ ရာခိုင်နှုန်းကျော်ဟာ စစ်ပြေးဒုက္ခသည် ဖြစ်လာတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းအရ ကရင်နီဒေသ တခုလုံးမှာ လူဦးရေစုစုပေါင်း ၃၉၀,၂၁၀ ဦးရှိပြီး အဲ့ဒီစုစုပေါင်း လူဦးရေထဲမှာ ၁၉၉,၆၁၅ ဦးက နေရပ်စွန့်ခွာ ထွက်ပြေးနေရတာကြောင့် ရာခိုင်နှုန်းအနေနဲ့ ၅၁ ဒသမ ၁၆ ရာခိုင်နှုန်းက စစ်ပြေးဒုက္ခသည် ဖြစ်နေတာကို တွေ့ရှိရကြောင်း ISP-Myanmar က ထုတ်ပြန်ပါတယ်။
ကရင်နီဒေသတွင်း ခုခံတွန်းလှန်စစ် စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေ ၂၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း ပဋိပက္ခကြားမှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာဒီးမော့ဆို မြို့နယ်ထဲမှာ ၇၈,၂၆၅ ဦး ၊ လွိုင်ကော် မှာ ၅၂,၃၁၁ ဦး၊ ဖယ်ခုံမှာ ၅၁,၀၀၀ ဦး၊ ဖရူဆိုမှာ ၆,၉၀၃ ဦး၊ ဖားဆောင်းမှာ ၄,၀၀၀ ဦး၊ ဘော်လခဲမှာ ၃,၇၄၁ ဦး၊ ရှားတောမှာ ၂,၃၉၅ ဦးနဲ့ မယ်စဲ့မှာ ၁,၀၀၀ ဦးတို့ရှိကြောင်း သိရပါတယ်။
ကရင်နီဒေသအတွင်း လေကြောင်းတိုက်ခိုက်မှု အပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ၂၀၂၁ ခုနှစ်၊ မေ ၂၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀ ရက်အတွင်းမှာ အရပ်သားသေဆုံးမှု ၁၁၂ ဦး ထက်မနည်း ရှိခဲ့ပါတယ်။
အရပ်သား သေဆုံးသူတွေထဲမှာ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်တာ၊ မီးရှို့အလောင်းဖျောက်ဖျက်တာ၊ လမ်းပြအဖြစ် ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရတာတွေနဲ့ လက်နက်ကြီးကျည်စထိမှန်လို့ သေဆုံးတာတွေအပြင် တိုက်ပွဲကြား မပြေးနိုင်လို့ နေအိမ်အတွင်း ပုန်းနေရင်း စစ်တပ်ရဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ သူတွေလည်းပါဝင်တယ်လို့ ISP-Myanmar က ဆိုပါတယ်။
ကရင်နီဒေသတွင်း လက်နက်ကိုင်ပဋိပက္ခကြားမှာ စစ်ကောင်စီဘက်က အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်လို့ ထိခိုက်ပျက်စီးရတဲ့ နေအိမ်အရေအတွက်ကလည်း ၂၀၂၁ ခုနှစ်၊ မေ ၂၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀ ရက်အတွင်းမှာ အဆောက်အဦ ၇၁၄ လုံး ထက်မနည်းရှိခဲ့ပြီး အဲဒီအဆောက်အဦတွေထဲမှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေနဲ့ ဘာသာရေး အဆောက်အဦတွေအပြင် စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကျေးရွာတွေထဲက အိမ်တွေနဲ့ စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သားတွေရဲ့ နေအိမ်တွေလည်း ပါဝင်ပါတယ်။