မန္တလေး-မတ္တရာလမ်းမှာ စစ်အုပ်စုယာဉ်တန်း မိုင်းထိ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးထိမှန်

မန္တလေးတိုင်း မတ္တရာမြို့နယ် လင်းမြွေချောင်းကျေးရွာအနီး မန္တလေး-မတ္တရာကားလမ်းပေါ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ပြီး အသက်ဆုံးပါးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာ တခု ဖြစ်တဲ့ Mandalay Free Press မှာ ဖော်ပြ ထားပါတယ်။
ဒီကနေ့ မေလ ၆ရက်နေ့ ညနေ ၃နာရီခန့်မှာ မိုးကုတ်မြို့ဘက်ကနေ မောင်းနှင်လာတဲ့ ပုသိမ်ကြီးမြို့နယ် ခလရ(၄)က ယာဉ်တန်းတစ်ခုကို လင်းမြွေချောင်းကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကားလမ်းဘေး ခြံသန့်ရှင်းရေး လုပ်ဆောင်နေတဲ့ အသက်၄၀အရွယ် အမျိုးသမီးတစ်ဦး ကျည်နှစ်ချက်မှန်ပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်တာနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြားသတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
Source-MFP