ဂျပန်နဲ့ ဗီယက်နမ်တို့ဟာ ယူကရိန်းမှာ စစ်ပွဲတွေရပ်ဖို့ တောင်းဆိုခဲ့ကြပြီး နှစ်နိုင်ငံ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးမြှင့်တင်ဖို့ သဘောတူခဲ့ကြတယ်လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်ဟာ ဧပြီလ ၃၀ရက်နေ့က ဗီယက်နမ်နိုင်ငံကို တရားဝင်ခရီးစဉ်နဲ့ရောက်ရှိလာတာဖြစ်ပြီး ဝန်ကြီးချုပ် Pham Minh Chinh နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
“ကူးစက်ရောဂါကာလလွန်ကုန်သွယ်မှုမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ထောက်ပံ့ရေးကွင်းဆက်တွေ အားကောင်းလာစေဖို့ စတာတွေကို အပြန်အလှန် အကျိုးစီးပွားများနှင့်အညီ တိုးမြှင့်ဆောင်ရွက်ဖို့ သဘောတူခဲ့တယ်”လို့ ဗီယက်နမ်ဝန်ကြီးချုပ်ကလည်း ဆိုပါတယ်။
ဂျပန်ဟာ ဗီယက်နမ်ရဲ့ အကြီးမားဆုံး တရားဝင်ဖွံ့ဖြိုးရေးအကူအညီထောက်ပံ့ပေးတဲ့နိုင်ငံဖြစ်ပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု တတိယအကြီးဆုံး အရင်းအမြစ်လည်း ဖြစ်ပါတယ်။ ဗီယက်နမ်အကောက်ခွန်စစ်တမ်းအရ မနှစ်က နှစ်နိုင်ငံကုန်သွယ်မှုဟာ ၈ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၄၂ ဒသမ ၉ ဘီလီယံအထိ မြင့်တက်လာခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုမှာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုလုပ်ရပ်ကို တုန့်ပြန်ရေးအပါအဝင်
တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ မလေးရှားနဲ့ ဘရူနိုင်းတို့ အားပြိုင်နေတဲ့ တောင်တရုတ်ပင်လယ် အငြင်းပွားဖွယ်အကြောင်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။