CDMဝန်ထမ်းတွေကို လက်ခံထားတယ်ဆိုပြီး သူရိယဆေးခန်းကို စစ်အုပ်စု ဝင်ရောက်အကြမ်းဖက်

ဓာတ်ပုံ-လူမှုကွန်ရက်
မန္တလေးမြို့မှာရှိတဲ့ သူရိယဆေးခန်းတွေမှာ CDM ဆရာဝန်တွေကို လက်ခံပေးထားတယ်လို့ဆိုကာ အကြမ်းဖက်စစ်အုပ်စုက ဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းကို ဖမ်းဆီးပြီး မိသားစုဝင်တွေကိုပါ ဖမ်းဆီးနှိပ်စက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၂၆ရက်နေ့ နေ့လည်ပိုင်းမှာ ၃၈လမ်းနဲ့ ၈၁လမ်းအနီးမှာရှိတဲ့ သူရိယဆေးခန်းကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး ဒေါက်တာအောင်အောင်ထွန်းကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။
“ဆရာ့ကိုဆေးခန်းထဲဝင်ဖမ်းသွားတာ သူ့မိသားစုကိုလည်း ဖမ်းထားတယ်၊ အိမ်ထဲမှာ စုထည့်ထားပြီး ရိုက်နှက်စစ်ဆေးနေတာ အသံတွေတောင် ကြားရတယ်လို့ ပြန်ပြောတဲ့သူကပြောတယ်၊ သူ့ဆေးခန်းတွေမှာ CDM ဆရာဝန်တွေကို လက်ခံထားလို့ လုပ်တာလို့ ပြောနေကြတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
သူရိယဆေးခန်းဟာ မန္တလေးမြို့မှာ အထူးကုဆေးခန်းအဖြစ် ၃နေရာခွဲကာ ဖွင့်လှစ်ထားရှိပြီး ပြည်သူတွေ အားကိုးရတဲ့ ဆေးခန်းတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။