မြန်မာနိုင်ငံသမိုင်း၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တိုင်းပြည်လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာသည်ဟု ရည်ညွှန်းသတ်မှတ်ပြောဆိုလေ့ ရှိကြသည်။
ထိုတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည်၊ မိမိတို့၏ သက်ဆိုင်ရာ တိုင်းရင်းသား ပြည်သူများ၏ အခွင့်အရေးများ ပြည့်ပြည့်ဝဝ
ရရှိစေရန်အတွက် လက်နက်ကိုင်တော်လှန်ရေးကို အဓိကနည်းလမ်းတစ်ခုအဖြစ် အသုံးပြု တိုက်ပွဲဝင်လာခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဤကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မျှော်မှန်းခဲ့သည့် အခွင့်အရေးများ အပြည့်အဝရရှိခဲ့ပြီလားဟု မေးခွန်းထုတ်မည်ဆိုပါက၊ “ဝ” တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုတည်းသာလျှင် ထင်သာမြင်သာရှိသော အခွင့်အရေးများ ရရှိနေသည်ဟု ယေဘူယျ ဖြေဆိုလို့ရမည် ထင်ပါသည်။ ဒါဆို အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ဘာကြောင့်အခွင်အရေးများ၊ တောင်းဆိုချက်များ ပြည့်ပြည့်ဝဝ မရရှိနိုင်ကြတာလဲလို့ မေးခွန်းမေးစရာရှိပါသည်။ ထိုမေးခွန်းအတွက်လည်း အနီးစပ်ဆုံးအဖြေများ ရှိပါသည်။
(၁) ဗမာစစ်တပ်၏ ဗျူဟာများ
လက်ရှိ ဗမာစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးထက် လူအင်အား၊ လက်နက်အင်အား သာလွန်ပါသည်။
မြန်မာပြည်လက်နက်ကိုင်တော်လှန်ရေးသမိုင်းတစ်လျှောက်လုံးတွင် ဗမာစစ်တပ်သည်သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတော်တော်များများကို နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး အကြောင်းပြု၍ သပ်လျှိုသွေးခွဲကာ တိုင်းရင်းသားလူမျိုးတခုအတွင်းမှာပင် စင်ပြိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအဖြစ် အင်အားကွဲပြားသွားအောင် ဆောင်ရွက်နိုင်ခဲ့သည်။
ဗမာစစ်တပ်အနေနှင့် တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခုခုကို ချေမှုန်းတော့မည်ဆိုလျှင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို စစ်မျက်နှာမဖွင့်ပဲ၊ ချွေးသိပ်စည်းရုံးထားနိုင်ခဲ့သည်။ ဤအချက်များကို ဗမာစစ်တပ်၏ ဗျူဟာများအဖြစ် ယေဘူယျအဖြစ်သတ်မှတ်နိုင်ပါသည်။
(၂) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အခြေအနေ
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ချင်းစီသည် စစ်တပ်၏ လူအင်အား၊ လက်နက်အင်အား မယှဉ်နိုင်၍ ပျောက်ကျားစစ်၊ ခုခံစစ်များသာဆင်နွဲနိုင်ပြီး သက်ဆိုင်ရာ နယ်မြေအပိုင်းအခြားလိုက်သာ ထိန်းချုပ်ထားနိုင်သည်။
တော်လှန်ရေးကာလ ကြာရှည်လာသည်နှင့်အမျှ မိမိ၏လက်နက်ကိုင်အင်အားစုများ ရေရှည်ရပ်တည်နိုင်ရန်အတွက် လက်နက်၊ စားနပ်ရိက္ခာများ ဖြည့်တင်းရန်ခက်ခဲခြင်းနှင့် စစ်တပ်၏ မီးစတစ်ဘက်၊ ရေမှုပ်တစ်ဘက် ဗျူဟာဖြင့် ချိန်းခြောက်ခြင်း၊ အခွင့်ရေးပေးခြင်းများ၊ သပ်လျှိုသွေးခွဲခြင်းများကြားတွင် မိမိ၏အင်အားစုများကို ပြိုကွဲမှု မရှိအောင် စည်းရုံးနိုင်ခြင်းတို့၌ အားနည်းခဲ့ကြသည်။
ထို့အပြင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းအချင်းချင်းကြား၌ မဟာမိတ်မူဝါဒအား ကောင်းကောင်းဖြင့် ချိတ်ဆက်၍ အပြန်အလှန် ကူညီနိုင်မှု အားနည်းခဲ့ကြသည်။
စစ်ပွဲသက်တမ်းများ ရှည်ကြာလာသည်နှင့်အမျှ စစ်တပ်အားထိုးစစ်၊ ချေမှုန်းစစ်များ ဆင်နွဲနိုင်မှု အားနည်းလာကာ စစ်ကိုရှောင်လွှဲလိုသောကြောင့် စစ်တပ်၏ အလိုကျ ညှိုနှိုင်းလာသော ယာယီအပစ်အခတ်ရပ်စဲရေး၊ အကန့်အသတ် ငြိမ်းချမ်းရေးများကို မလွဲမရှောင်သာလက်ခံခဲ့ရသည်၊ မိမိတို့ မျှော်မှန်းခဲ့သော ဖယ်ဒရယ်အခွင့်အရေးများအစား၊ လက်ရှိနယ်မြေအတွင်း တနိုင်တပိုင်စီးပွားရေးများ လုပ်ကိုင်၍ အုပ်ချုပ်ခွင့် အာဏာအပိုင်းအစလေး ရနေခြင်းကပင် ကြီးမားသော ငြိမ်းချမ်းရေးတရပ်ကဲ့သိုပင် စစ်တပ်အလိုကျ ဖြစ်နေပေတော့သည်။
(၃) ပြည်တွင်းစစ်သက်တမ်း ဘာကြောင့်ရှည်ကြာရသလဲ
ကမ္ဘာမှာ ပြည်တွင်းစစ်သက်တမ်း အရှည်ဆုံးနိုင်ငံများထဲတွင် မြန်မာပြည်က ထိပ်ဆုံးနိုင်ငံများစာရင်းတွင် ပါဝင်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း (၇၀) အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနှင့် ဗမာစစ်တပ်အား အမြစ်ပြတ်တိုက်ထုတ်ရန် မဖြစ်နိုင်သော်လည်း၊ ဗမာစစ်တပ်အနေနှင့်တော့ အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို အမြစ်ဖြတ်ချေမှုန်းနိုင်ရန် အခြေနေတွင် ရှိခဲ့ပါသည်၊ သို့သော် ဗမာစစ်တပ်သည် ရန်သူကို အမြစ်ပြတ်ချေမှုန်းရေး လမ်းစဉ်ကို မကျင့်သုံးပဲ၊ စစ်ကိုမွေးမြူထားခြင်း ဗျူဟာကိုကျင့်သုံးခဲ့သည်။
တိုင်းပြည်တွင် စစ်တပ်၏ အခန်းကဏ္ဌ အရေးကြီးကြောင်း ပြသနိုင်ရန်အတွက် စစ်ကိုမွေးမြူထားရမည်၊ အကန့်အသတ်ဖြင့် တိုက်နိုင်မည့်ရန်သူရှိနေမှဖြစ်မည်၊ စစ်ပွဲတွေရှိနေမှသာ စစ်ဘက်ဂျက်စရိတ်များ သုံးစွဲစေခြင်းဖြင့် စစ်ခေါင်းဆောင် တစ်ချို့အတွက် အကျိုးစီးပွားများစွာဖြစ်ထွန်းစေမည်၊ စသောအချက်အလက်များနှင့်အတူ ဗမာစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အားနည်းချက်၊အားသာချက်များကို ဗျူဟာမြောက် အသုံးချနိုင်ခဲ့သည်။
ထို့အပြင် တိုင်းပြည်၏ ဘဏ္ဍာငွေနှင့် သယံဇာတရင်းမြစ်များကို အတားအဆီးမရှိ သုံးစွဲနိုင်ခွင့်ရနေသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား သက်ဆိုင်ရာပြည်နယ်များ၏ ဝေးရာနယ်စပ် ဘော်ဒါအနီးရှိ ဌာနချုပ်စခန်းများနှင့် နီးစပ်ရာ နယ်မြေအချို့လောက်တွင်သာထိန်းချုပ်ခွင့်ပေးထားပြီး ကျန်ပြည်နယ်၏ မြို့တော်များနှင့် အဓိကနယ်မြေများ အပါအဝင် ပြည်မနေရာတော်တော်များများကို စစ်တပ်မှထိမ်းချုပ်ထားနိုင်ခဲ့သည်။ လိုအပ်မှသာ နိုင်ငံရေး၊ စစ်ရေး အကျိုးအမြတ်ကို တွက်ချက်၍ စစ်ပွဲများကို ဖော်ဆောင်ခဲ့သည်။
စစ်တိုက်စားသော စစ်အစိုးရအနေဖြင့် စစ်ပွဲများ အုံးအုံးထဖြစ်နေဖို့ မလိုအပ်သလို စစ်ပွဲများ လုံးဝမရှိလို့လည်း မဖြစ်နိုင်ပါ။ ထိုကြောင့် စစ်ပွဲနှင့်ငြိမ်းချမ်းရေးကို လိုသလို အကွက်ချဖော်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်သက်တမ်း ရှည်ကြာလာရခြင်းဖြစ်သည်။
(၄) EAOs မှသည် EROs အဖြစ်သို့
လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေးမျက်နှာစာတွင် အဓိက တိုင်းရင်းသား လက်နက်ကိုင်ပလေယာ (players) များအဖြစ် ပါဝင်နေသောအဖွဲ့အစည်း (၂၀) ဝန်းကျင်လောက်ရှိမည်ဟု သတ်မှတ်နိုင်ပါသည်။ သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သလို၊ သက်တမ်းနု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများလည်း ပါဝင်ပါသည်။
အရပ်သားအစိုးရဟု နာမည်တပ်ထားသော ဦးသိန်းစိန်အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်- NCA (Nationwide Ceasefire Agreement) ပေါ်ပေါက်လာချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို EAOs များအဖြစ်သတ်မှတ်ခေါ်ဝေါ်သုံးစွဲမှု တွင်ကျယ်လာခဲ့သည်။
ယခုအခါ NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားသော်လည်း ဗမာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲထားသော EAOs များနှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားသောEAOs များရှိသလို၊ NCA တွင် ပါဝင်လက်မှတ် မထိုးထားကြသော်လည်း ဗမာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော EAOs များနှင့် တိုက်ပွဲများ ဆက်လက်ရင်ဆိုင်ဖြစ်ပွားနေသော EAOs များဟူ၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၄) မျိုးရှိသည်ဟု သတ်မှတ်နိုင်ပါသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်မှ တိုင်းပြည်အာဏာကို မတရားသိမ်းယူလိုက်သောအခါ တိုင်းပြည်တစ်ဝှမ်း ဆန္ဒပြပွဲများနှင့်အတူ နွေဦးတော်လှန်ရေးတရပ် ပေါ်ပေါက်လာခဲ့သည်၊ ပြည်သူများ၊ Generation Z လူငယ်မျိုးဆက်များ၊ နိုင်ငံရေးသမားများနှင့် အလွှာအသီးသီးမှ စစ်အာဏာရှင်အား လက်နက်ကိုင်ခုခံတော်လှန်ခြင်းဖြင့် တုန့်ပြန်မှရမည်ဆိုသောအချက်ကို နွေဦးတော်လှန်ရေး၏ ဗျူဟာတရပ်အဖြစ် ရွေးချယ်လိုက်သောအခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အခန်းကဏ္ဏသည် အလွန်တရာမှ အရေးကြီးသော အနေအထားသို့ ရောက်ရှိလာခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေနှင့်လည်း မိမိတို့လက်ရှိရပ်တည်နေသော အနေထား၊ မူလရည်မှန်းချက်ပန်းတိုင်၊ ကျင့်သုံးနေသော နည်းဗျူဟာများကို ပြန်လည်ဆန်းစစ်သုံးသပ်ရသည့် အခြေအနေသို့ ရောက်ရှိသွားကြသည်၊ တိုင်းရင်းသား လူငယ်မျိုးဆက်အသီးသီး၏ ဆန်းသစ်ပြောင်းလဲလို့သည့် အယူအဆများကိုလည်း ထည့်သွင်းစဉ်းစားလာကြရသည်။
ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို မူလပန်းတိုင်အဖြစ် ဆက်လက်ဆွဲကိုင်ထားသော EAOs များထဲမှ NCA တွင်မပါဝင်သေ ာလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းအချို့နှင့် NCA တွင်ပါဝင်ထားသော EAO အချို့တို့သည် နွေဦးတော်လှန်ရေးနှင့်အတူ တိုက်ပွဲဝင်ခြင်းသည် မိမိတို့၏ မူလရည်မှန်းချက်များကို သေချာ၊ လျှင်မြန်စွာ ရောက်ရှိနိုင်သည်ဟူသော တွက်ချက်မှုများ၊ ပူးပေါင်းလုပ်ဆောင်ချက်များကို အကောင်အထည်ဖော်လာကြသည်။
စစ်အာဏာရှင်များကို နှစ်ပေါင်း (၇၀) ကျော် တွန်းလှန်ခဲ့သည့် အတွေ့အကြုံရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနှင့် လွတ်လပ်ရေးရပြီးကာလတလျှောက် အတွေ့အကြုံများ၊ ၁၉၈၈ ကာလတလျှောက် အတွေ့အကြုံများ၏ အားနည်းချက်၊ အားသာချက်များကိုသင်ခန်းစာယူပြီး ၂၀၂၁ နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင် တော်လှန်ရေးသာမကတော့ပဲ၊ စစ်အာဏာရှင် အမြစ်ပြတ်ရေးအထိ ရည်မှန်းချက်ထားကာ ပါဝင်လာကြသည်။
ထိုသို့လှုပ်ရှားမှု့များနှင့်အတူ ပြည်သူလူထုအကြားတွင် EROs ဆိုသည့် အခေါ်အဝေါ်သည် ပြန်လည်ခေတ်စားတွင်ကျယ်လာတော့သည်၊ ERO ဆိုသည်မှာ (Ethnic Revolution Organization) လို့ သတ်မှတ်ခေါ်ဆိုခြင်းဖြစ်ပါသည်။ EROs ကို အမည်နာမတစ်ခုအဖြစ်သာ ပြောင်းလဲခေါ်ဆိုလိုက်ခြင်း မဟုတ်ပဲ၊ ထိုအမည်နာမတွင် တန်ဖိုးကြီးမားနက်နဲသော တော်လှန်ရေးဆိုသည့် တာဝန်များ ၊ စွှန့်လွှတ်ပေးဆပ်မှုများ၊ စစ်မှန်သည့် ရည်မှန်းချက်ပန်းတိုင်များ ပါဝင်နေသည်။
ထိုသို့ဆိုလျှင် အထက်တွင် ဖော်ပြခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ မည်ရွှေ့မည်မျှသော အဖွဲ့ အစည်းများက EROs များအဖြစ်သို့ ပြောင်းလဲသွားပြီလဲဟု မေးနိုင်ပါသည်။ ထိုအမေးကို ဖြေရမည်ဆိုလျှင်- EROs များအဖြစ်သို့ ပြောင်းလဲသွားသော အဖွဲ့အစည်းအရေအတွက်မှာ လက်ငါးချောင်း သာသာမျှသာ ရှိပါသေးသည်၊ ကျန်အဖွဲ့အစည်းများအနေနှင့် စစ်တပ်နှင့် ညှိုနှိုင်းဆွေးနွေးပြီး၊ မိမိတို့လိုချင်သော ဖယ်ဒရယ်စနစ်နှင့် တိုင်းရင်းသားအခွင့်အရေးများ (သို့) အခြားနိုင်ငံရေးရည်မှန်းချက်များ ရလာနိုင်လိမ့်မယ်ဟု ယုံကြည်နေကြသေးပုံရပါသည်။
ဖယ်ဒရယ်ပြည်ထောင်စုကို အမှန်တကယ် တည်ဆောက်ချင်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနှင့် စစ်အာဏာရှင်မှချော့သိပ်ထားသော အိမ်မက်များမှ နိုးထသင့်ပါပြီ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိကဦးတည်ချက်တစ်ရပ်ဖြစ်သော-
“တပ်မတော်သည် အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်မှု့အခန်းကဏ္ဏမှ ပါဝင်ရမည်” ဆိုသော အချက်အောက်တွင် စစ်မှန်သော ဖယ်ဒရယ်စနစ်ကို မည်သို့မှ ရနိုင်မည် မဟုတ်ပါ။
ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနှင့် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုဆိုသည့် အခေါ်အဝေါ်ကိုပင် ပြင်းပြင်းထန်ထန် ငြင်းခုံနေရခြင်း၊ SSR (Security Sector Reform) နှင့် DDR (Disarmament Demobilization Reintegration) စသည့် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖွဲ့ဖျက်သိမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ဆွေးနွေးချက်များကို စစ်တပ်မှ ကြေလည်အောင် ဆွေးနွေးအဖြေရှာခွင့် မပြုထားခြင်းများကို ကြည့်ခြင်းအားဖြင့် လက်ရှိစစ်အာဏာရှင်ထံမှ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုဟာ ရွှေပြည်တော် မျှော်လည်းဝေး၊ မမျှော်လည်းဝေးနေအုံးမှာ အသေချာပင် ဖြစ်ပါသည်။
မိမိကြမ္မာ မိမိဖန်တီးခွင့်ကို စစ်အာဏာရှင်ထံမှ တောင်းယူရခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်များကို စစ်အာဏာရှင် သဘောတူမှရမည့် နိုင်ငံရေးလက်ဝေခံများဘဝများအဖြစ်မှ လွတ်မြောက်ရန်နှင့် စစ်အာဏာရှင်၏ ငြိမ်းချမ်းရေး ထောင်ချောက်များမှ လွတ်မြောက်ရန် သမိုင်းဝင်အခွင့်အရေးတရပ်ကို ယခု နွေဦးတော်လှန်က လမ်းဖွင့်ပေးနေပါပြီ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး အနေနှင့် မိမိတို့သက်ဆိုင်ရာ တိုင်းရင်းသားများ၏ ဇာတိဂုဏ်မြင့်မားပြီး၊ ငြိမ်းချမ်းသာယာတိုးတက်သော လူ့အဖွဲ့အစည်းများ ဖန်တီးနိုင်ရန်အတွက် ကျားသနားမှ နွားချမ်းသာရမည်ဆိုသော စစ်အာဏာရှင်၏ ကစားကွင်းထဲမှ အတုအယောင် ဖယ်ဒရယ်၊ အာဏာအပိုင်းအစ၊ တကိုယ်စာ အကျိုးစီးပွား၊ နွားခြေရာခွက်ထဲမှ လွတ်လပ်ခွင့် စသည့်နှောင်ကြိုးမက်လုံးများမှ ရုန်းထွက်ပြီး EAOs များမှသည် EROs များအဖြစ် ပြောင်းလဲကာ နွေဦးတော်လှန်ရေးတွင် ပါဝင်သင့်ပြီဖြစ်ကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါသည်။
နွေဦးနွေ