အီရန်စစ်ပွဲနဲ့ ရာသီဥတုဒဏ်ကြောင့် ဩစတြေးလျ ဂျုံစိုက်ပျိုးမှု ထက်ဝက်နီးပါး ကျဆင်းနိုင်ခြေရှိ

ရာသီဥတုဆန်းစစ်သူတွေရဲ့ ခန့်မှန်းချက်အရ မိုးခေါင်ရေရှားမှုက ပိုဆိုးလာမယ်ဆိုရင် လာမယ့်နှစ်ကုန်ပိုင်း ရိတ်သိမ်းချိန်မှာ ဂျုံအထွက်နှုန်းဟာ မနှစ်က ထွက်ရှိခဲ့တဲ့ တန်ချိန် ၃၆ သန်းကနေ ၂၁.၃ သန်းအထိ (၄၁ ရာခိုင်နှုန်းခန့်) ထိုးကျသွားနိုင်ပါတယ်။

၁၉၊ မေ။

 

 

အီရန်စစ်ပွဲကြောင့် စက်သုံးဆီနဲ့ မြေဩဇာစျေးနှုန်းတွေ တဟုန်ထိုးတက်လာတာ၊ မိုးခေါင်ရေရှားမှုဒဏ် ခံနေရတာတွေကြောင့် ကမ္ဘာ့တတိယအကြီးဆုံး ဂျုံတင်ပို့တဲ့ ဩစတြေးလျနိုင်ငံမှာ လယ်သမားတွေဟာ ဂျုံစိုက်ပျိုးမှုကို အကြီးအကျယ် လျှော့ချနေကြပါတယ်။

 

အဆိုပါ အခြေအနေကြောင့် လာမယ့်ရာသီမှာ ဩစတြေးလျရဲ့ ဂျုံတင်ပို့မှုဟာ တန်ချိန် ၁၀ သန်းအထိ လျော့နည်းသွားနိုင်ပြီး ဒါဟာ တကမ္ဘာလုံးရဲ့ နှစ်စဉ်ဂျုံတင်ပို့မှု ငါးရာခိုင်နှုန်းနဲ့ ညီမျှနေတာကြောင့် လက်ရှိ တက်စပြုနေတဲ့ ကမ္ဘာ့ဂျုံစျေးနှုန်းတွေကို ပိုပြီး ထိုးတက်သွားစေဖို့ ဖိအားဖြစ်လာနေပါတယ်။

 

လယ်သမားအများစုဟာ ဂျုံစိုက်ပျိုးမယ့်မြေဧရိယာကို ၇ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနေကြသလို ဂျုံအစားမြေဩဇာ သိပ်မလိုတဲ့ ဒါမှမဟုတ် စျေးကောင်းပိုရတဲ့ မုယောစပါးနဲ့ ဆီထွက်သီးနှံလို ကနိုလာသီးနှံတွေဘက်ကို ပြောင်းလဲစိုက်ပျိုးနေကြပါတယ်။ တချို့ဒေသတွေမှာဆိုရင် ကုန်ကျစရိတ်ကြီးလွန်းတာကြောင့် ဘာမှမစိုက်ဘဲ ပစ်ထားတဲ့အထိ ရှိနေပါတယ်။

 

မိုးလေဝသခန့်မှန်းသူတွေရဲ့ အဆိုအရ ဩစတြေးလျအရှေ့ဘက်ကမ်းရိုးတန်းကို ပူပြင်းခြောက်သွေ့စေမယ့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်လာနိုင်တာကြောင့် ဇွန်လနဲ့ စက်တင်ဘာလကြားမှာ စိုက်ပျိုးရေးဇုန်အများစုမှာ မိုးရွာသွန်းမှု ပျမ်းမျှအောက်ပဲ ရှိလိမ့်မယ်လို့ ဆိုပါတယ်။

 

ရာသီဥတုဆန်းစစ်သူတွေရဲ့ ခန့်မှန်းချက်အရ မိုးခေါင်ရေရှားမှုက ပိုဆိုးလာမယ်ဆိုရင် လာမယ့်နှစ်ကုန်ပိုင်း ရိတ်သိမ်းချိန်မှာ ဂျုံအထွက်နှုန်းဟာ မနှစ်က ထွက်ရှိခဲ့တဲ့ တန်ချိန် ၃၆ သန်းကနေ ၂၁.၃ သန်းအထိ (၄၁ ရာခိုင်နှုန်းခန့်) ထိုးကျသွားနိုင်ပါတယ်။

 

ဩစတြေးလျဟာ နိုက်ထရိုဂျင်မြေဩဇာ ထက်ဝက်ကျော်ကို အရှေ့အလယ်ပိုင်းကနေ တင်သွင်းတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အီရန်စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုဖြစ်ပြီး ထောက်ပံ့ရေးလမ်းကြောင်း ပြတ်တောက်သွားတာကြောင့် လက်ရှိမှာ ပုံမှန်နှစ်တွေထက် ယူရီးယားမြေဩဇာ တန်ချိန် ခြောက်သိန်း (၂၀ ရာခိုင်နှုန်းခန့်) လျော့နည်းနေပါတယ်။

 

ဩစတြေးလျတင်မကဘဲ အာဂျင်တီးနားနဲ့ ကနေဒါလို အဓိကဂျုံတင်ပို့တဲ့ နိုင်ငံတွေမှာလည်း အထွက်နှုန်း လျော့ကျဖို့ ရှိနေတာကြောင့် ကမ္ဘာ့ဂျုံစျေးကွက်ဟာ ပိုလျှံနေတဲ့အခြေအနေကနေ ပြတ်လပ်တဲ့အခြေအနေကို ကူးပြောင်းသွားပြီး စျေးနှုန်းတွေတက်လာမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

 

လယ်သမားတွေ စိုက်ပျိုးစရိတ်ကြီးပြီး ကျပ်တည်းလာတဲ့အတွက် ဒေသတွင်းက စက်ပစ္စည်းအရောင်းဆိုင်တွေ၊ စူပါမားကတ်တွေ၊ မုန့်ဆိုင်တွေနဲ့ အပန်းဖြေဘားတွေမှာပါ လူသူခြောက်ကပ်ပြီး စီးပွားရေး ထိခိုက်မှုတွေ ကွင်းဆက်လိုက်ဖြစ်ပေါ်နေပါတယ်။

Ref – Reuters