
“လိုအပ်ချက်တွေ ရှိလာရင်တော့ ရုတ်တရက် အရေးပေါ်အခြေအနေတွေကို တုံ့ပြန်ကူညီပေးဖို့ အမြဲတမ်း အဆင်သင့် ရှိနေဆဲ ဖြစ်ပါတယ်။ ရန်ပုံငွေ ရရှိနိုင်မှုအပေါ် မူတည်ပြီး လိုအပ်လာရင် ဧရာဝတီတိုင်းကိုလည်း ကူညီပေးသွားမှာပါ”
၁၉၊ မေ။
ပြည်တွင်းပဋိပက္ခတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ လောင်စာပြတ်လပ်မှု ပြဿနာတွေကြောင့် မြန်မာနိုင်ငံရဲ့ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေဟာ ပျမ်းမျှ ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး နိုင်ငံသား ၁၂.၄ သန်းကျော်ဟာ ဆာလောင်မွတ်သိပ်မှု ဒဏ်ကို ရင်ဆိုင်နေကြရပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မေလ ၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ဒီလို အခြေအနေတွေကြောင့် ဥပရောပ သမဂ္ဂ(EU) ကနေ မြန်မာပြည်သူတွေအတွက် ယူရို ၈ သန်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကနေတဆင့် ကူညီခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
“ဒီအကူအညီတွေထဲမှာ အရေးပေါ် စားနပ်ရိက္ခာ အထောက်အပံ့တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေအတွက် အာဟာရပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေ ပါဝင်မယ့်အပြင်၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ပတ်သက်ပြီး အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်တဲ့ နေရာတွေမှာလည်း ကူညီပံ့ပိုးသွားမှာ ဖြစ်ပါတယ်”လို့ ဌာနေကိုယ်ကိုယ်စားလှယ် Mr. Michael Dunford က DNA ကို ဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နှောင်းပိုင်းကစပြီး မြန်မာတနိုင်ငံလုံးမှာ စက်သုံးဆီဈေး သုံးဆအထိ မြင့်တက်ခဲ့သလို ဆန်၊ဆီ၊ပဲ၊ဆား အစရှိတဲ့ အခြေခံစားသောက်ကုန်တွေရဲ့ ဈေးနှုန်းကလည်း နေရာအနှံ့မှာ သိသိသာသာ တိုးမြှင့်လာတာပါ။
အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ အခြေအနေဟာ အဆိုးရွားဆုံးဖြစ်ပြီး မကွေးတိုင်းဒေသကြီးမှာ ၃၈ ရာခိုင်နှုန်းနဲ့ ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးဖြစ်ပြီး ကရင်ပြည်နယ်မှာ ၃၂ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်မှာ ၃၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်နေပါတယ်။
လက်တလောအချိန်မှာ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည် နယ်စပ်ဧရိယာတွေဖြစ်တဲ့ သာပေါင်း၊ရေကြည်၊လေးမျက်နှာ နဲ့ အင်္ဂပူမြို့နယ်တွေထဲမှာ တိုက်ပွဲတွေ ရှိနေပြီး ဒီနှစ်ဆန်းပိုင်းမှာ စစ်တပ်က ဦးဆောင်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာပင် ကျေးရွာပေါင်း ၂၃၀ ကျော်ပါဝင်တဲ့ ကျေးရွာအုပ်စုပေါင်း ၂၇ အုပ်စုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘူးလို့ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စစ်တပ်က အဲဒီဧရိယာတွေကို ဖြတ်လေးဖြတ်နဲ့ ပိတ်ဆို့ထားတဲ့အတွက် ဒေသခံတွေမှာ ရိက္ခာ၊ဆေးဝါး ပြတ်လပ်တဲ့ အခြေအနေကိုလည်း ရင်ဆိုင်နေရပါတယ်။
Irrawaddy Delta People Network (IDPN) ရဲ့ အချက်အလက်တွေ အရ ရေကြည်မြို့နယ် တခုတည်းမှာတင် ဆေးဝါး၊ရိက္ခာလိုအပ်နေသူ ၅၃၇၀ ဦးရှိနေပြီး ဒီအထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်ပေါင်း ၇၇၀ ဦးပါဝင်တယ်လို့ ကွန်ရက်ဦးဆောင်သူတဦး ဖြစ်တဲ့ ကိုကွန်းက ပြောပါတယ်။
“ဧရာဝတီမှာလည်း စစ်ဘေးရှောင်လူထုက ပမာဏတခု ရှိနေပါတယ်။ တကယ်လည်း အခက်အခဲ အကြပ်အတည်းတွေနဲ့ ဆေးဝါးရိက္ခာ စသည်အားဖြင့် ကြုံတွေ့နေရတဲ့သူတွေ ရှိပါတယ်” ကိုကွန်းက ပြောပါတယ်။
ဒါပေမယ့် လက်တလော အခြေအနေအရ ဧရာဝတီတိုင်းဟာ WFP ရဲ့ ဦးစားပေးအစီအစဉ်ထဲမှာ ပါဝင်မနေသေးဘူးလို့ Mr. Michael Dunford က DNA ကိုပြောပါတယ်။
“ဦးစားပေးလုပ်ငန်းစဉ်တွေအရတော့ လက်ရှိ ရန်ပုံငွေ ခွဲဝေချထားမှုမှာ ဧရာဝတီတိုင်းက အဓိက ဦးစားပေးဒေသထဲမှာ မပါဝင်သေးပါဘူး။ ဒါပေမဲ့လည်း WFP အနေနဲ့ လိုအပ်ချက်တွေ ရှိလာရင်တော့ ရုတ်တရက် အရေးပေါ်အခြေအနေတွေကို တုံ့ပြန်ကူညီပေးဖို့ အမြဲတမ်း အဆင်သင့် ရှိနေဆဲ ဖြစ်ပါတယ်။ ရန်ပုံငွေ ရရှိနိုင်မှုအပေါ် မူတည်ပြီး လိုအပ်လာရင် ဧရာဝတီတိုင်းကိုလည်း ကူညီပေးသွားမှာပါ”လို့ ဆိုပါတယ်။
WFP အနေနဲ့ ၂၀၂၄ ရေကြီးရေလျှံမှု ဖြစ်စဉ်မှာ မြစ်ဝကျွန်းပေါ်ဒေသက ရေဘေးသင့်ပြည်သူ ဦးရေ ၃၅,၀၀၀ ကို ထောက်ပံ့ကူညီပေးခဲ့ဘူးတယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိ ရင်ဆိုင်နေရတဲ့ စားနပ်ရိက္ခာအကျပ်အတည်းဟာ လာမယ့် မိုးသီးနှံစိုက်ပျိုးရာသီအပေါ်ကိုပါ ရိုက်ခတ်နေပြီး မြေဩဇာဈေးနှုန်းတွေကြီးမြင့်လို့ တောင်သူတွေဟာ မြေဩဇာသုံးစွဲမှုကို လျှော့ချနေရတဲ့အတွက် လက်ရှိသုတေသနတွေအရ မြေဩဇာသုံးစွဲမှု ၅၀ရာခိုင်နှုန်း လျော့နည်းသွားရင် နိုင်ငံတဝန်း စိုက်ပျိုးထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ပြီး ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်ကာ လာမယ့် ၂၀၂၇ ခုနှစ်အထိ စားနပ်ရိက္ခာအကျပ်အတည်း ပိုမိုဆိုးရွားသွားနိုင်ကြောင်း သတိပေးထားပါတယ်။
အစိုးရ တရားဝင်ထုတ်ပြန်ချက်တွေအရ ဧရာဝတီတိုင်းအတွင်းမှာ ၂၀၂၃ ခုနှစ် နောက်ပိုင်းကစပြီး စပါးစိုက်ဧရိယာ သုံးပုံတပုံ ဝန်းကျင်လျှော့ကျသွားတယ်လို့ဆိုပါတယ်။၂၀၂၅ – ၂၀၂၆ နွေစပါးရာသီမှာ လည်း ဧရာဝတီတိုင်းအတွင်းက နွေစပါးစိုက်ပျိုးနိုင်မှု ဧရိယာရဲ့ သုံးပုံ ၁ ပုံဟာ လုံးဝ လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ အသားတင်စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိပြီး မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါးရှိပေမယ့် အခုနှစ်တွေမှာတော့ စပါးစိုက်ဧက သိန်းနှစ်ဆယ်ဝန်းကျင်ပဲ ရှိတော့ပြီး ထက်ဝက်ဝန်းကျင်ထိ လျော့ကျသွားခဲ့ပြီလို့ လယ်သမားအရေး ဆောင်ရွက်သူတွေက DNA ကိုပြောပါတယ်။
စစ်တပ်က ရာနှုန်းပြည့်နီးပါး ထိန်းချုပ်ထားနိုင်တဲ့ ဧရာဝတီတိုင်းအတွင်း လူငယ်တွေဟာ စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မ စစ်သား စုဆောင်းခံရတာ ၊ ပေါ်တာဆွဲတာတွေကြောင့် လယ်ယာလုပ်ငန်းမှာ လုပ်ကိုင်နိုင်သူ ရှားပါးလာတာ ၊ လယ်ယာသွင်းအားစုတွေဖြစ်တဲ့ ဓါတ်မြေဩဇာတွေ ဈေးတက်ကုန်တာ ၊ စီးပွားရေးသမား စပါးကုန်သည်ကြီးတွေရဲ့ ဈေးကွက် အနိုင်ကျင့်မှု ခံနေရပြီး စပါးပေါ်ချိန်မှာ စပါးဈေးတွေကျဆင်းတာ ၊ စပါးရိတ်သိမ်းချိန်မှာ လောင်စာဆီအခက်အခဲကြောင့် ရိတ်သိမ်းခ ဈေးကြီးပေးရတာ စတဲ့ အခြေအနေတွေအပြင် အစိုးရကလည်း စိုက်ပျိုးစရိတ်ချေးငွေတွေကို အတင်းဖိအားပေး ပြန်တောင်းနေတဲ့အတွက် ဧရာဝတီတိုင်းက လယ်သမားတွေဟာ လာမယ့် မိုးစပါးရာသီမှာ လယ်မလုပ်ဘဲ လယ်လှပ်ထားဖို့ အထိ အများစုက စဉ်းစားနေကြရပါတယ်။
ဒီလို အခက်အခဲတွေ တွေ့ကြုံနေရချိန်မှာ ကန်ကြီးထောင့်မြို့နယ်က အသက် ၆၆ နှစ်အရွယ် လယ်ပိုင်အမျိုးသားတဦးကတော့ အခုလို နိုင်ငံတကာအကူအညီတွေ မြေပြင်အထိ ရောက်မလာမှာကို စိုးရိမ်မှု ရှိနေတယ်လို့ ပြောပါတယ်။
“တကယ်လိုတဲ့သူတွေ လက်ထဲ ဘယ်တော့မှ အဖတ်တင်အောင် ရောက်လာမယ်လို့ မထင်ပါဘူး။ ဦးတို့ကတော့ လက်ရှိတနေ့တာ ဘယ်လို စားသောက်ရမလဲပဲ စဉ်းစားတာ” လို့ သူက ပြောပါတယ်။