ဟင်္သာတမြို့ ပါဆယ်လမ်း ဗလီဘေး သက်တမ်းလွန်အဆောက်အအုံ မီးလောင်


ဧရာဝတီတိုင်းအတွင်းမှာ ဧပြီလ ၁၀ ရက်နေ့ကစပြီး မေလ အတွင်းမှာ မီးလောင်မှု စုစုပေါင်း ၁၈ ကြိမ် ရှိခဲ့ပြီ ဖြစ်ပါတယ်။

၂၀၊မေလ။

မေလ ၁၉ရက်နေ့ ည ၁၁ ခွဲခန့်မှာ စတင်လောင်ကျွမ်းခဲ့တဲ့ မီးကို ည ၁၂ နာရီကျော်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့ ၊ပတ္တမြားရပ်ကွက် ၊ ဗိုလ်အောင်ကျော်လမ်း(ပါဆယ်လမ်း)မှာရှိတဲ့ ဗလီးဘေးကပ်လျှပ် အဆောက်အအုံမှာ မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပြီး စတင်လောင်ကျွမ်းရတဲ့ အကြောင်းအရာနဲ့ ပါတ်သက်ပြီး ဟင်္သာတမြို့ခံတွေက အမျိုးမျိုး မှတ်ချက် ပေးနေကြပါတယ်။

ဂက်စ်အိုးကနေ စတင်လောင်ကျွမ်းတယ်လို့ မှတ်ချက်ပေးသူ ရှိသလို တချို့ကတော့ ဒါဟာ ရှို့မီးလို့ သံသယ ရှိနေကြပါတယ်။

“တိုက်တန်းဟောင်းကြီး ၊ ဖယ်ခိုင်းထားတာ ဆယ်စုနှစ် ရှိတော့မယ်။ ထွေအုပ်ကနေ အိုးအိမ်ကို လွှဲပေးလိုက်တာတောင် ၃ နှစ်ကျော်ပြီ ထင်တယ်။ အသစ်ဆောက်ချင် ဘာလုပ်ရလဲ မေးနေရသေး။ မအေးအေးဝင်း ဟင်္သာတ ရောက်လာပြီး စီစဉ်သလား မှတ်ရတယ်”လို့ အသက် ၅၀ ခန့်အရွယ် ဟင်္သာတမြို့ခံ တဦးက မှတ်ချက်ပေးပါတယ်။

မီးလောင်တဲ့ အဆောက်အအုံ အနီးမှာ နေထိုင်သူ အမျိုးသမီးတဦးကလည်း အလားတူ မှတ်ချက်မျိုး ပေးပါတယ်။ “ရှို့တာပဲထင်ပါတယ် အဆောက်အဦးတခုခုဆောက်ဖို့များလုပ်သလားမသိဘူး”လို့ ဆိုပါတယ်။

မိနစ် ၃၀ ကျော်ကြာလောင်ကျွမ်းမှုမှာ ထိခိုက်ဒါဏ်ရာ ရသူတစုံတရာ မရှိပဲ အဆောက်အဦး တခုတည်းသာ လောင်ကျွမ်းခဲ့ပြီး အနီးအနားက အိမ်တွေဆီ မီးမကူးမှီမှာ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကတော့ ဟင်္သာတခရိုင်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဟင်္သာတမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဟင်္သာတနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဥယျာဉ်တောင်အရန်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကင်းအရန်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြဝတီအရန် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သူတို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ဧပြီလ ၁၀ ရက်နေ့ကစပြီး မေလ အတွင်းမှာ မီးလောင်မှု စုစုပေါင်း ၁၈ ကြိမ် ရှိခဲ့ပြီ ဖြစ်ပါတယ်။ အခုလို မီးလောင်မှု ဖြစ်စဉ်တွေအတွင်းမှာ စုစုပေါင်း လူနှစ်ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

၁။ ဧပြီလ ၁၀ ရက် – ပုသိမ်မြို့၊ ၂ ရပ်ကွက်၊ ရွှေလာဘ်အောင် ဂတ်စ်အိုးဆိုင်။
၂။ ဧပြီလ ၁၁ ရက် – မော်လမြိုင်ကျွန်းမြို့၊ ၉ ရပ်ကွက်။
၃။ ဧပြီလ ၁၅ ရက် – ပုသိမ်မြို့ ၊ ၁ ရပ်ကွက်၊ စက်ရုံ။
၄။ ဧပြီလ ၁၆ ရက်- မအူပင်မြို့၊ ရေလဲကလေး ကျေးရွာ။
၅။ ဧပြီလ ၁၇ ရက် – သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာ။
၆။ ဧပြီလ ၁၈ ရက် – ပုသိမ်မြို့၊ ၃ ရပ်ကွက်၊ မြကျွန်းသာအိမ်ရာ။
၇။ ဧပြီလ ၁၉ ရက် – ပုသိမ်မြို့ ၊ ၁၄ ရပ်ကွက်။
၈။ ဧပြီလ ၂၆ ရက် – ဓနုဖြူမြို့နယ်၊ မြို့မဈေး။
၉။ ဧပြီလ ၂၆ ရက် – ပုသိမ်မြို့၊ ဝါးနက်ကွင်း။
၁၀။ ဧပြီလ ၂၆ ရက် – ဟင်္သာတမြို့၊ တာကလေးရပ်ကွက်
၁၁။ ဧပြီလ ၂၈ ရက် – မြောင်းမြမြို့၊ ပကိတ်ကျေးရွာ။
၁၂။ ဧပြီလ ၂၉ ရက် – ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာ။
၁၃။ ဧပြီလ ၃၀ ရက် – ချောင်းသာ၊ အဇူရာဟိုတယ်ရှေ့၊ ကားမီးလောင်။
၁၄။ ဧပြီလ ၃၀ ရက် – ဟင်္သာတမြို့၊ ပြာကတက်ကျေးရွာ။
၁၅။ မေလ ၂ ရက် – ဟင်္သာတမြို့၊ တလုတ္ထော်ကျေးရွာ။
၁၆။ မေလ ၂ ရက် – ဝါးခယ်မမြို့နယ်၊ ကောင်းထက်ဆီဆိုင်။
၁၇။ မေလ ၇ ရက် – အသုတ်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်။
၁၈။မေလ ၁၉ ရက်- ဟင်္သာတမြို့၊ ပတ္တမြားရပ်ကွက်၊ပါဆယ်လမ်း။

#ဧရာဝတီတိုင်း #ဟင်္ဿာတ #မီးလောင်
#DeltaNewsAgency #DNA