နိုင်ငံပေါင်း ၉၀ ကျော်အတွက် ဗီဇာမလိုဘဲ နေထိုင်ခွင့်ပြုထားတဲ့ ကာလကို ထိုင်းအစိုးရ လျှော့ချ

အခုတော့ ခရီးသွားတွေ ဘယ်လောက်ကြာကြာ နေထိုင်ခွင့်ရမလဲဆိုတာကို နိုင်ငံအလိုက် တနိုင်ငံချင်းစီအလိုက်ပဲ ခွဲခြားသတ်မှတ်တော့မှာပါ။

 

၂၀၊ မေ။

 

ဗြိတိန်နိုင်ငံသားတွေအပါအဝင် တခြားနိုင်ငံအတော်များများက ခရီးသွားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၃၀ ထက်ကျော်ပြီး နေချင်တယ်ဆိုရင် မကြာခင်မှာ ဗီဇာကြိုတင်လျှောက်ထားကြရတော့မှာ ဖြစ်ပါတယ်။

 

ကိုဗစ်ကပ်ရောဂါအပြီးမှာ စီးပွားရေးပြန်ဦးမော့လာအောင် ထိုင်းအစိုးရက ကြိုးပမ်းတဲ့အနေနဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကစပြီးနိုင်ငံပေါင်း ၉၃ နိုင်ငံက ခရီးသွားတွေကို ဗီဇာမလိုဘဲ ရက်ပေါင်း ၆၀ အထိ လာရောက်လည်ပတ်ခွင့် ပြုခဲ့တာပါ။

 

ဒါပေမဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ ဒီလိုဗီဇာကင်းလွတ်ခွင့်ပေးထားတာကို ပယ်ဖျက်ဖို့ ထိုင်းအစိုးရက အတည်ပြုလိုက်ပါတယ်။အခုတော့ ခရီးသွားတွေ ဘယ်လောက်ကြာကြာ နေထိုင်ခွင့်ရမလဲဆိုတာကို နိုင်ငံအလိုက် တနိုင်ငံချင်းစီအလိုက်ပဲ ခွဲခြားသတ်မှတ်တော့မှာပါ။

 

ဒီလိုပြောင်းလဲရတဲ့ အကြောင်းရင်းတွေထဲမှာ လုံခြုံရေးကိစ္စတွေနဲ့ ဗီဇာစနစ် ရှုပ်ထွေးနေတာတွေကြောင့်လို့ အကြောင်းပြထားပါတယ်။

 

ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှု (လိင်ပိုင်းဆိုင်ရာ) တွေနဲ့ ဆက်နွှယ်ပြီး နိုင်ငံခြားသားတွေကို အများအပြားဆက်တိုက်ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

 

စီးပွားရေးအရရော၊ အမျိုးသားလုံခြုံရေးအရပါ လက်ရှိအခြေအနေနဲ့ ပိုပြီးကိုက်ညီမှုရှိစေဖို့အတွက် အဆိုပါ မူဝါဒကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်တယ်လို့ အစိုးရက တွေ့ရှိခဲ့တာကြောင့် ဖြစ်တယ်လို့ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်က ပြောပါတယ်။

 

အရင်က ရက် ၆၀ ဗီဇာကင်းလွတ်ခွင့် ရခဲ့တဲ့အထဲမှာ သြစတြေးလျ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အီတလီ၊ စပိန်နဲ့ အမေရိကန်နိုင်ငံတို့က နိုင်ငံသားတွေ ပါဝင်ပါတယ်။

 

အဆိုပါနိုင်ငံတွေက နိုင်ငံသားအများစုဟာ ရက် ၃၀ ထက်ကျော်ပြီး နေထိုင်မယ်ဆိုရင် ဗီဇာလျှောက်ရတော့မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ဒါပေမဲ့ အပြန်အလှန် သဘောတူညီချက်ရထားတဲ့ တချို့နိုင်ငံတွေအတွက်တော့ အဆိုပါရက်ထက် ပိုတိုတာ ဒါမှမဟုတ် ပိုရှည်တာမျိုး ကင်းလွတ်ခွင့် သတ်မှတ်ချက်တွေ ရှိနိုင်ပါသေးတယ်။

 

အခု ဗီဇာစနစ်သစ်ဟာ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကြေညာချက်တွေကို ထုတ်ပြန်လေ့ရှိတဲ့ ထိုင်းအစိုးရပြန်တမ်းမှာဖော်ပြပြီး ၁၅ ရက်အကြာမှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။

 

နိုင်ငံခြားသားတွေကို ရှုပ်ထွေးစေတဲ့ နိုင်ငံတခုတည်းအပေါ် ဗီဇာကင်းလွတ်ခွင့်တွေ ထပ်ခါတလဲလဲ သတ်မှတ်ထားတာမျိုးကိုလျှော့ချဖို့ ရည်ရွယ်တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ထိုင်းနိုင်ငံဟာ အာရှမှာ အားလပ်ရက် အပန်းဖြေဖို့ အကောင်းဆုံးနေရာတွေထဲက တခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာလည်း နိုင်ငံစီးပွားရေးရဲ့ အဓိကမောင်းနှင်အား ဖြစ်ပါတယ်။

 

၂၀၁၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံကို လာရောက်လည်ပတ်သူ ၄၀ သန်းနီးပါး ရှိခဲ့ပေမဲ့ ကပ်ရောဂါကာလအတွင်းမှာ အဆိုပါ အရေအတွက်က ထိုးဆင်းသွားခဲ့ပြီး ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာမှ ပြန်လည်ဦးမော့လာတာပါ။

 

တရားဝင်ထုတ်ပြန်ချက်တွေအရ အခုနှစ်ထဲမှာတင် လက်ရှိအချိန်အထိ လာရောက်လည်ပတ်သူ ၁၂ သန်းနီးပါး ရှိနေပြီဖြစ်ပါတယ်။

 

ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ စွပ်စွဲခံထားရတဲ့ ဗြိတိန်နိုင်ငံသားတွေအပါအဝင် ပြစ်မှုအမျိုးမျိုးနဲ့ နိုင်ငံခြားသားအတော်များများ ဖမ်းဆီးခံခဲ့ရပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း မြို့တော်ဘန်ကောက်က လိုင်စင်မဲ့ အပြည်ပြည်ဆိုင်ရာကျောင်းတခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ် မရှိဘဲ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား ၁၀ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

Ref – BBC