
“ကျွန်တော်တို့က ပြည်သူလူထုက ရွေးခြယ်ထားတဲ့ တရားဝင် ရွေးကောက်ခံ ကိုယ်စားလှယ်တွေဖြစ်တယ်။ ပြီးရင် ဘာပြစ်မှု ပြစ်ဒဏ်မှလည်း ကျူးလွန်မထားဘူး။
၁၈၊ မေလ။
ဧရာဝတီတိုင်း၊ရေကြည်မြို့နယ် ၊ အသုတ်မြို့လမ်းဆုံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးမျိုးသက်ဦးအပါအဝင် လူတချို့ကို အလိုရှိနေတဲ့ တရားခံပြေးတွေအဖြစ် အသုတ်မြို့ နယ်မြေရဲစခန်းက ဒီရက်ပိုင်းအတွင်းမှာပဲ ဆိုင်းဘုဒ်စိုက်ထူ ကြေညာထားပါတယ်။
စစ်အစိုးရ အဖြစ်အသွင်းပြောင်းပြီးနောက်ပိုင်းမှာ အသုတ် နယ်မြေရဲစခန်းအနေနဲ့ ရက်တရာစီမံချက်အတွင်း အလုပ်လုပ်ပြတာမျိုးဖြစ်နိုင်ပြီး ဒီလိုလုပ်တာဟာလည်း သူခိုးက လူပြန်ဟစ်တာလို့ ကာယကံရှင် ရေကြည်၊တိုင်းဒေသကြီးလွှတ်တော် အမှတ်၁ ကိုယ်စားလှယ် ဦးမျိုးသက်ဦးက မှတ်ချက်ပေးပါတယ်။
“ကျွန်တော်တို့က ပြည်သူလူထုက ရွေးခြယ်ထားတဲ့ တရားဝင် ရွေးကောက်ခံ ကိုယ်စားလှယ်တွေဖြစ်တယ်။ ပြီးရင် ဘာပြစ်မှု ပြစ်ဒဏ်မှလည်း ကျူးလွန်မထားဘူး။ တကယ်ဆိုရင် ပြစ်မှု ပြစ်ဒဏ်ကျူးလွန်ထားတာက မတရားအာဏာသိမ်းတဲ့သူတွေနဲ့ ဒီဟာကို လိုက်လံအကောင်အထည်ဖေါ်ပေးနေတဲ့ စစ်တပ်တွေ ရဲတွေ အစရှိတဲ့ သူတွေသာ ဖြစ်တယ်”လို့ ဦးမျိုးသက်ဦးက ပြောပါတယ်။
ရေကြည်မြို့နယ်ဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ထိစပ်နေတဲ့ ဧရိယာတခုဖြစ်ပြီး အခုရက်ပိုင်း ထိတွေတိုက်ပွဲတွေ ၊ အမတ ၃၄၄ ကို ထိုးစစ်ဆင်နေချိန်မှာ အလို အသုတ်နယ်မြေရဲစခန်းက ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်အပါအဝင် လွတ်မြောက်နေသူတွေကို အလိုရှိနေတဲ့ တရားခံပြေးအဖြစ် ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်နေတဲ့ လေးမျက်နှာမြို့နယ်ထဲမှာတော့ အခုလို ကြေညာတာမျိုး မရှိဘူးလို့ ဒီချုပ်ပါတီရဲ့ လေးမျက်နှာ လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောပါတယ်။
“လောလောဆယ်အထိတော့ အဲလိုလုပ်တယ်ဆိုတာ ကျွန်တော်တို့ဘက်မှာ မကြားမိသေးဘူး”လို့ ဆိုပါတယ်။
အခုလို အလိုရှိ တရားခံအဖြစ် ကြေညာရာမှာ နိုင်ငံရေးပုဒ်မနဲ့ တိမ်းရှောင်နေသူတွေအပြင် ဒုစရိုက်မှုနဲ့ တိမ်းရှောင်နေသူတွေပါ အတူယှဉ်တွဲ ကြေညာထားတာကို တွေ့ရပါတယ်။ မေလ ဒုတိယပတ် အတွင်းမှာ ဧရာဝတီတိုင်း အတွင်း အခုလိုမျိုး အလိုရှိနေတဲ့ တရားခံပြေးတွေအဖြစ် ကြေညာတာမျိုးကို ကန်ကြီးထောင့်မြို့နယ်နဲ့ ဘိုကလေးမြို့နယ်တွေမှာလည်း တွေ့ရပါတယ်။
တိုင်းရဲတပ်ဖွဲ့ အနေနဲ့ ရက်တရာ စီမံချက်အတွင်းမှာ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲတွေ ၊ ချဲလက်ခွဲဒိုင်ငယ်တချို့ကို ဖမ်းဆီးပြတာ ၊ တရားခံပြေး ကြေညာတာမျိုးတွေကို ဟန်ပြလုပ်ဆောင်နေပေမယ့် ဒေသတွင်းမှာ စီးပွားရေးအကြပ်အတည်းကြီးမားနေပြီး ဒုစရိုက်မှုတွေ ၊ လောင်းကစားဝိုင်းတွေက ပိုမို များပြားလာနေတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။