ငသိုင်းချောင်း အမတ ၃၄၄ အနီးဆုံးထိ ထိုးစစ်ရောက်လာ

“အောက်ဘက် သီတာကုန်းပြင်ဘက်ကတော့ အသံသိပ်မကြားဘူး၊ ဟိုဘက်ခြမ်းမှာတော့ အသံတွေ ညံနေတာပဲ”

၁၈၊ မေ။

အာရက္ခတပ်တော်နဲ့ ဒေသခံ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့  ထိုးစစ်ဟာ ဧရာ၀တီတိုင်း ငသိုင်းချောင်းမြို့အနီး မြောက်စမ်းရွာအနီး အမြောက်တပ်  ၃၄၄ နဲ့ အနီးဆုံးထိ ရောက်လာပြီး တမိုင်နီးပါးအကွာရှိ ကာကင်းတွေကို ထိုးစစ်ဆင်သိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ တပတ်ကျော်လောက်ကတည်းက အမတ ၃၄၄ ကို အရှိန်အဟုန်မြင့် ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး အခုအခါ တပ်ရင်းနဲ့ အနီးဆုံး နေရာတွေအထိ ရောက်လာတယ်လို့ ဆိုပါတယ်။

“တော်တော်ကပ်သွားပြီဗျ၊ ရိုးတောင်ခြေဘက်ကနေ ၀န်းထားတာ၊ စစ်ကြောင်းတွေ အကုန်အထဲ၀င်ပြေးသွားပြီ၊ ကိုယ့်ဘက်က လက်နက်ကြီးနဲ့ ၀င်းထဲကို တောက်လျောက်ပစ်နေတာ၊ ၃၄၄ က အကြီးဆုံးကောင် ပြေးသွားပြီလို့လည်း ကြားတယ်” လို့ မြေပြင်မှာ ရှိနေတဲ့ အာရက္ခတပ်တော်နဲ့ နီးစပ်သူသတင်းရင်းမြစ်တဦးက ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က လေယာဉ် သုံးစီးထက်မနည်းနဲ့ တပ်ရင်းအနီး၀န်းကျင် တိုက်ခိုက်နေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း  ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

“အောက်ဘက် သီတာကုန်းပြင်ဘက်ကတော့ အသံသိပ်မကြားဘူး၊ ဟိုဘက်ခြမ်းမှာတော့ အသံတွေ ညံနေတာပဲ” လို့ အမတ ၃၄၄ အနီးမှာ နေထိုင်တဲ့ ငသိုင်းချောင်းဒေသခံတဦးက ပြောပါတယ်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နဲ့ ၁၅ ရက်တို့မှာလည်း အမတ ၃၄၄ ရဲ့ ကာကင်း လေးခုထက်မနည်းကို သိမ်းပိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ပွဲတွေကြောင့် အမတ ၃၄၄ တပ်ရင်းထဲက စစ်တပ်အရာရှိအချို့နဲ့ တပ်မိသားစုဝင်တွေ တိမ်း ရှောင်နေကြတာတွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောထားကြပါတယ်။

စစ်တပ်ဟာ  အင်္ဂပူမြို့နယ်ဘက်မှာတော့ ရိုးမပေါ် စစ်ကြောင်းထိုးနေပြီး ရိုးမတောင်ခြေ ကွင်းကောက်အနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။

စစ်တပ်အနေနဲ့ အဲဒီလို စစ်ကြောင်းထိုး၊ ရှေ့တိုးတာတွေ ဆက်တိုက်လုပ်နေပေမယ့် လက်လွှတ်ထားရတဲ့ နယ် မြေတွေ သိမ်းနိုင်တာ မရှိဘူးလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

စစ်တပ်ဟာ သူတို့စိတ်ကြိုက်ကျင်းပတဲ့ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အစိုးရသစ်လက်ထက်မှာ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့ လေကြောင်း၊ ကြည်းကြောင်း အင်အားအလုံးအရင်း သုံးကာ ကြိုးစားလာနေတာ ဖြစ်ပါတယ်။

ပုသိမ် – မုံရွာလမ်းမကြီး တလျှောက်နဲ့ ရေကြည်မြို့နယ် မြောက်စမ်းအမြောက်တပ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်း ထန်နေတာကြောင့် စစ်တပ်ဘက်က အင်္ဂပူမြို့နယ် ကွင်းကောက်ရှိ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်း တတက(၅)မှာ အင်အားရာချီဖြည့်ကာ ခံစစ်လုပ်နေတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။

ဧရာ၀တီတိုင်း လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်မြို့နယ်တို့မှာဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဘက်က တပ်အရာရှိတွေအပါအဝင် တပ်သားအကျအဆုံးတွေ အများအပြား ရှိနေပြီး ပုသိမ်အနောက်တောင်တိုင်းစစ်ဌာန ချုပ် (နတခ)၊ ကျုံပျော်ခလရ ၃၆ ၊ဟင်္သာတ ခလရ ၁၈ အပြင် အခြား အခြေစိုက်တပ်ရင်းတွေဆီကလည်း အင်အားဖြည့် တင်းပေးနေရတယ်လို့ သိရပါတယ်။