မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှု အကူအညီပေးဖို့ ရန်ပုံငွေရရှိမှုဟာ အဆမတန်နည်းနေသေးကြောင်း ကုလသမဂ္ ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။
၂၀၂၂ ခုနှစ် လူသားချင်းစာနာမှု တုံ့ပြန်ရေးအစီအစဉ် (HRP) အစီအစဉ်အရ အကူအညီလိုအပ်သူ ၆.၂ သန်းကို အကူအညီပေးနိုင်ဖို့အတွက် တောင်းဆိုထားတဲ့ အမေရိကန်ဒေါ်လာ ၈၂၆ သန်းကို ရန်ပုံငွေမဖြစ်မနေထည့်ဝင်ဖို့ အရေးကြီးကြောင်း ၂၀၂၂ ခုနှစ်ရဲ့ ပထမလေးလပိုင်းအကုန်မှာ လိုအပ်တဲ့ရန်ပုံငွေရဲ့ ၅ ရာခိုင်နှုန်း (ဒေါ်လာ ၃၇.၂ သန်း) သာ လက်ခံရရှိသေးကြောင်း UNOCHA က ထုတ်ပြန်ထားပါတယ်။
ဆက်လက်ဖြစ်ပွားနေဆဲ လက်နက်ကိုင်ပဋိပက္ခ၊ မြင့်တက်နေဆဲ နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေနဲ့ ကြီးမားနေဆဲ လိုအပ်ချက်တွေနဲ့အတူ ရန်ပုံငွေလိုအပ်နေဆဲဖြစ်တဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးအတွက် ခရီးမတွင်ဖြစ်ရပါတယ်လို့လည်းဆိုပါတယ်။
ဧပြီလ ၁၁ ရက်နေ့အထိရရှိတဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေ ၉၁၂,၇၀၀ ရှိပြီးအဲဒီအထဲမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာရသူဦးရေ ၅၆၆,၁၀၀ ပါဝင်တယ်လို့ သိရပါတယ်။