လော့ဒေါင်းကန့်သတ်မှုတွေကြားက သေနှုန်းမြင့်တက်လာတဲ့ ရှန်ဟိုင်းကိုဗစ်

Photo – AP

လူဦးရေ ၂၅သန်းနေထိုင်တဲ့ တရုတ်နိုင်ငံ ၊ ရှန်ဟိုင်းမြို့တခုလုံ;ကို လော့ဒေါင်းကန့်သတ်မှုတွေ တင်းတင်းကြပ်ကြပ် ချထားချိန်မှာပဲ ဒီနေ့ ဧပြီလ ၂၁ရက်နေ့မှာ ကိုဗစ်ရောဂါနဲ့ သေဆုံးသူ ၈ဦးရှိပြီး စုစုပေါင်း ၂၅ဦးအထိ ရှိလာပြီလို့ ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသူတွေဟာ အိပ်ယာထဲလဲနေတဲ့ အသက်အရွယ်ကြီးသူတွေဖြစ်ပြီး အများစုဟာ ကိုဗစ်ကာကွယ်ဆေး မထိုးထားကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်ပြီး စီးပွားရေးအချက်အချာကျတဲ့ ရှန်ဟိုင်းမှာ ရက်သတ္တပတ်ကြာ ကန့်သတ်ချက်တွေကြောင့် လူပေါင်း ၂၅ သန်းကို အိမ်အပြင်ထွက်ခွင့် ကန့်သတ်ထားပြီးနောက် ပြန်လည်ဖြေလျော့ဖို့ ကြိုးစားနေချိန်မှာပဲ သေဆုံးသူအရေအတွက် ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။

လျင်မြန်စွာပျံ့နှံ့နေတဲ့ Omicron မျိုးကွဲကြောင့် တရုတ်နိုင်ငံဟာ နှစ်နှစ်အတွင်း အဆိုးရွားဆုံး ကိုဗစ်ရောဂါကူးစက်မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရှန်ဟိုင်းမြို့လူဦးရေရဲ့ ၁၂သန်းကို အိမ်ပြင်ထွက်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

မိမိနေအိမ်တံခါးအပြင်ဘက်ကို ထွက်ခွာခွင့် လော့ဒေါင်းဖြေလျော့လိုက်ပေမယ့် သူတို့ကို နေထိုင်တဲ့အဆောက်အအုံရဲ့ အပြင်ဘက်ကိုတော့ ထွက်ခွာခွင့် ကန့်သတ်ထားပြန်တာကြောင့် အများစုက စိတ်ပျက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က တမြို့လုံးကို လုံးဝအပြင်ထွက်ခွင့်မပေးပဲ လော့ဒေါင်းချထားချိန် စားနပ်ရိက္ခာအချိန်မီ မပို့နိုင်တာကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး တရုတ်အစိုးရရဲ့ Zero – Covid မဟာဗျူဟာအပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။