သန်လျင်မြို့ပေါ် ဆိုင်ကယ်နှစ်ယောက်မစီးရ ကန့်သတ်ချက် ဒီနေ့စတင်

အကြမ်းဖက်စစ်တပ် အထိနာနေတဲ့ သန်လျင်မြို့မှာ ဆိုင်ကယ်တစ်စီး တစ်ဦးသာ စီးရမယ်ဆိုတဲ့ ကန့်သတ်ချက် ဒီကနေ့စတင်ပြီလို့ သိရပါတယ်။
အဲဒီကန့်သတ်ချက်ကို စစ်အုပ်စု အုပ်ချုပ်ရေးဌာနတွေက တရားဝင်ထုတ်ပြန်ခြင်းမျိုး မရှိပေမဲ့ မနေ့က စတင်ကာ သန်လျင်မြို့ပေါ် ပျံ့နှံ့ခဲ့ခြင်း ဖြစ်ပါတယ်။
‘ဒီလိုအမိန့်မျိုးကို စစ်ခွေးတွေက တရားဝင် မထုတ်ပြန်ပေမဲ့ သူတို့အုပ်ချုပ်ရေးပိုင်းကနေပဲ နှုတ်မိန့်ပုံစံမျိုးဖြန့် နေတာဆိုတော့ ဒီနေ့မနက် ဆိုင်ကယ်နှစ်ယောက်စီးတာတွေ မတွေ့ရဘူး။ စစ်ခွေးတွေက လမ်းမပေါ် သေနတ်နဲ့ပစ်ဖို့ ဝန်မလေးဘူးဆိုတော့ အတတ်နိုင်ဆုံး နှစ်ယောက်မစီးကြတာနေမှာ’ လို့ သန်လျင်မြို့၊ ဘုရားကြီးအနီးမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဆိုင်ကယ် ကျားနှစ်ယောက်စီးခြင်းနဲ့ ဆိုင်ကယ်အနောက်မှာ ကျားတစ်ယောက် လိုက်စီးခြင်းကိုသာ ကန့်သတ်လေ့ရှိပြီး သန်လျင်မြို့မှာကတော့ ဆိုင်ကယ်မိန်းကလေးနှစ်ယောက်စီးခြင်းနဲ့ ဆိုင်ကယ်နောက်မှာ မိန်းကလေးစီးခြင်းကိုလည်း လက်မခံဘူးလို့ သိရကြောင်း သန်လျင်မြို့၊ အောင်ချမ်းသာ ရပ်ကွက်နေ တက်ကြွလူငယ်တစ်ဦးက ပြောပါတယ်။
‘အခုရက်ပိုင်းမှာ ဒလန်တွေ မျိုးပြုတ်နေတော့ အဲဒါကိုကြောက်ပြီး စစ်ခွေးတွေက လျှောက်တင်းကျပ်တာလို့ ပြောကြတယ်။ တကယ် ဟုတ်၊မဟုတ် မသိပေမဲ့ ပြည်သူတွေကတော့ စစ်ခွေးတွေ လက်သရမ်းတတ်လို့ တကယ်ဆိုင်ကယ်အမိန့်ထုတ်လိုက်တာလို့ သဘောထားပြီး မစီးကြဘူး’ လို့ သူကပြောပါတယ်။
ဧပြီ ၁၈ ရက်နေ့က စစ်သတင်းပေးလို့ နာမည်ကြီးနေတဲ့ သန်လျင်မြို့၊ အမှုထမ်းရပ်ကွက်သားတစ်ဦးနဲ့ ဘုရားကုန်း ကျေးရွာသားတစ်ဦးတို့ ရှင်းလင်းခံခဲ့ရပါတယ်။