ဗိုလ်မှူးကုဋေဖြိုးအောင်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ‌ ပြောက်ကျားတပ်ဖွဲ့ဝင်ပြေ

“သူ့ကို ၄ချက်ပစ်ခဲ့တယ် ၃ချက်ကတော့ ခန္ဓာကိုယ်ကိုပစ်ခဲ့တယ် ၊ တချက်ကတော့ ခေါင်းကို သေချာပစ်ခဲ့တယ်”လို့ နန်းထိုက်အောင်စစ်ဆင်ရေးဖော်ဆောင်တဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းက လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဝင်ပေါက်အနီး မော်တင်ဆိပ်ကမ်းမှာ လမ်းမတော်မြို့နယ် စစ်ဘက် အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင်ကို နန်းထိုက်အောင်စစ်ဆင်ရေးဖော်ဆောင်တဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေက အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုအပြီးမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေပြန်လည်ထွက်ခွာမယ့်လမ်းမှာ ရှိနေတဲ့ ပြည်သူတွေကို သေနတ်ပြပြီး လမ်းဖယ်ခိုင်းခဲ့ရတာကြောင့် ပြည်သူလူထုကို အနူးညွတ်တောင်းပန်တယ်လို့လည်း ဆိုပါတယ်။
ဗိုလ်မှူးကုဋေဖြိုးအောင်ဟာ အာဏာသိမ်းပြီးနောက် စစ်အုပ်စုကခန့်အပ်ထားတဲ့ လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံဖြစ်ပြီး မြို့နယ်အတွင်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဖိနှိပ်ရာတွင် ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးမှူး အထက်မှာရှိတဲ့ အကြီးအကဲဖြစ်ပြီး မြို့နယ်အတွင်းမှ လူငယ်များစွာ ပစ်ခတ်၊ ဖမ်းဆီး၊ နှိပ်စက်၊ အရေးယူခံရခြင်းအတွက် အဓိကတရားခံတစ်ဦးဖြစ်သည်။
ဗိုလ်မှူးကုဋေဖြိုးအောင်ဟာ DSA အပတ်စဉ် ၄၈ ဆင်း ရုရှားပြန် အရာရှိတစ်ဦးဖြစ်ပြီး အရင်က တပ်ထိန်း မှုခင်းဖော်ထုတ်ရေးတပ် (လှိုင်) နဲ့ တပ်ထိန်းချုပ်ရုံး (နေပြည်တော်) တို့မှာ တာဝန်ကျခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းက ရန်ကုန်တိုင်းလွှတ်တော်တွင် တပ်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တယ်လို့ သိရပါတယ်။