အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းယူခဲ့ပြီးတဲ့ အချိန်ကစပြီး ၂၀၂၂ခုနှစ် ဧပြီ ၆ ရက်နေ့အထိ အသက်မပြည့်သေးသူ သေဆုံးမှု ၁၃၅ ဦးထက်မနည်း ရှိခဲ့ပြီး တစ်နိုင်ငံလုံးမှာ အရပ်သားသေဆုံးမှု ၂၃၀၀ ကျော် ရှိခဲ့တယ်လို့ ISP Myanmar က စာရင်းပြုစု ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်အုပ်စု အာဏာသိမ်းခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် အရပ်သားရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။
ISP Myanmar ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့နှစ် မတ်လ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွင်း အရပ်သား ၅၄၄ ဦးထက်မနည်း စံချိန်တင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်အုပ်စုရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေ အပါအဝင် အခြားသောအကြောင်းတွေကြောင့် တစ်နိုင်ငံလုံးမှာ အခုနှစ် ဧပြီ ၆ ရက်ထိ အရပ်သားသေဆုံးမှု ၂၃၀၀ ကျော် ရှိခဲ့ပြီး ဒီထဲမှာ အသက် ၁၈ နှစ်အောက်အရွယ် ၁၃၅ ဦးထက်မနည်း ပါဝင်တယ်လို့ သိရပါတယ်။
အဲဒီသေဆုံးမှုတွေထဲမှာ အသက် ၁၈ နှစ်ကနေ အသက် ၃၀ နှစ်အတွင်း လူငယ်တွေ သေဆုံးမှုက အများဆုံးဖြစ်ပြီး စုစုပေါင်း အရပ်သားသေဆုံးမှုရဲ့ ၃၂ ဒဿမ ၂ ရာခိုင်နှုန်းထိ ရှိခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် အသက်အရွယ် မသိရသေးတဲ့ အရပ်သားသေဆုံးမှု ၄၃၅ ဦး ထက်မနည်းရှိခဲ့ပြီး ဒါဟာ တစ်နိုင်ငံလုံး အရပ်သားသေဆုံးမှု စုစုပေါင်း လေးပုံတစ်ပုံကျော် ရှိတယ်လို့ ဆိုပါတယ်။
အသက်အရွယ်အလိုက် အရပ်သားသေဆုံးမှုတွေထဲမှာ အသက် ၃၁-၄၁ နှစ်အတွင်း ၃၀၀ ဦး ထက်မနည်း၊ အသက် ၄၁-၅၁ နှစ်အတွင်း ၁၅၅ ဦးထက်မနည်း၊ အသက် ၅၁-၆၀ နှစ်အတွင်း ၉၄ ဦးထက်မနည်းရှိပြီး အသက် ၆၁ နှစ် အထက် ၅၃ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ISP Myanmar ဖော်ပြခဲ့ပါတယ်။
အရပ်သား သေဆုံးမှုတွေမှာ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ခဲ့ပြီး စုစုပေါင်း ၅၄၆ ဦးကျော်ရှိပါတယ်။ ရန်ကုန်မြို့မှာ အရပ်သားသေဆုံးမှု ၂၈၃ ဦးကျော်၊ မန္တလေးမြို့မှာ အရပ်သား သေဆုံးမှု ၂၇၉ ဦးကျော်နဲ့ အရပ်သားသေဆုံးမှု အများဆုံး ဒေသတွေထဲမှာ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။