၈ လအတွင်း EAOs နယ်မြေတွေမှာ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲ ၂၀၀၀ ကျော်ဖြစ်ပွားခဲ့

၈ လတာအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) နယ်မြေတွေမှာ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲ ၂၀၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ မတ် ၂၀ ရက်အထိ ရှစ်လတာအကြား EAOs နယ်မြေတွေမှာ အကြမ်းဖက်စစ်တပ်နဲ့ EAOs တွေကြားတိုက်ပွဲ ၂,၁၉၃ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ Institute for Strategy and Policy-Myanmar (ISP-Myanmar) က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေဟာ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက EAOs နယ်မြေတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီအထဲကမှ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေထဲမှာ ၁,၇၇၅ ကြိမ်ထက်မနည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးမှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားမှုတွေ ပိုမိုကျယ်ပြန့်လာပါတယ်။
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ ၂၀၂၂ ခုနှစ်၊ မတ် ၂၀ ရက်ထိ ကိုးလတာအတွင်းအကြမ်းဖက်စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားမှု ၇၆၈ ကြိမ်ထက်မနည်း ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ တိုက်ပွဲအများဆုံး ဖြစ်ခဲ့ကာ ၂၉၃ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ ISP-Myanmar ကဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ရှမ်းပြည်နယ် အတွင်းမြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး လက်ရှိအချိန်မှာ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်နဲ့ ပင်လုံမြို့နယ်တို့မှာ အခြေအနေတွေ တင်းမာနေဆဲ ဖြစ်ပါတယ်။
ထူးခြားချက်အနေနဲ့ကတော့ ၂၀၂၂ ခုနှစ် မတ် ၁ ရက်ကနေ ၂၀ ရက်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနှုန်း သိသိသာသာ လျော့နည်းလာခဲ့ပါတယ်။
တကယ့်မြေပြင်အခြေအနေမှာ တိုက်ပွဲအကြိမ်ရေဟာ အခုကိန်းဂဏန်းတွေထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။