အာဖဂန်စ္စတန်မှာ ဆောင်းရာသီ ပိတ်ရက်ပြီးနောက် မတ်လ ၂၃ ရက်နေ့မှာ ကျောင်းတွေပြန်ဖွင့်ပေမယ့်၊ မိန်းကလေးတွေကို ၇ တန်းကနေ ၁၂ တန်းအထိ အထက်တန်းအဆင့်ကို တက်ခွင့်မပေးဘဲ တာလီဘန်တွေက ဆက်လက် ပိတ်ပင်ထားပါတယ်။
အာဖဂန်စ္စတန်မှာ မတ်လ ၂၃ ရက်နေ့က မိန်းကလေးတွေအတွက် အထက်တန်း ကျောင်းတွေ ပြန်ဖွင့်မယ်လို့ ကြေညာခဲ့ပေမယ့် တာလီဘန်တွေက ပြန်လည်ပိတ်ပင်လိုက်ပါတယ်။
အထက်တန်းအဆင့်ကို တက်ခွင့်ပေးဖို့အတွက် သူတို့ရဲ့ အစ္စလာမ်ဥပဒေနဲ့အညီ ရေးဆွဲဦးမှာဖြစ်ပြီး နောက်ထပ်ညွှန်ကြားချက် မထွက်မချင်း မိန်းကလေးတွေကို ၇ တန်းကနေ ၁၂ တန်းအထိ တက်ခွင့်မရသေးဘူးလို့ တာလီဘန် တာဝန်ရှိသူတွေက ပြောပါတယ်။
တာလီဘန်တွေဟာ နိုင်ငံတကာ အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းနေချိန်မှာ အခုလို ကျောင်းတွေပြန်ပိတ်တာကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေ ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ သံတမန်တွေရဲ့ ပြစ်တင်ရှုတ်ချတာ ခံခဲ့ရပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် သောမက်စ်ဝက်စ်ကတော့ ပြည်သူတွေအတွက် လုပ်ဆောင်ရမယ့် အရာတွေကို အပြည့်အဝအကောင်အထည်ဖေါ်ဖို့ တာလီဘန်တွေကို တိုက်တွန်းလိုက်ပြီး၊ ကျောင်းတက်ခွင့်မရတဲ့ သန်းပေါင်းများစွာသော အာဖဂန်မိသားစုတွေနဲ့အတူ အံသြ၊ စိတ်မကောင်း ဖြစ်မိတယ်လို့ သူရဲ့ တွစ်တာစာမျက်နှာကနေတဆင့် ပြောဆိုခဲ့ပါတယ်။