နော်ဝေနိုင်ငံမှာ အမေရိကန်စစ်လေယာဉ်တစီး ပျက်ကျ

Photo – Google

နော်ဝေနိုင်ငံတောင်ပိုင်း  ဘိုဒိုဒေသမှာ မတ်လ ၁၈ရက်နေ့က ရာသီဥတုဆိုးရွားနေတဲ့ အခြေအနေ အတွင်း Osprey အမျိုးအစား အမေရိကန်စစ်လေယာဉ်တစီး ပျက်ကျခဲ့တယ်လို့  နော်ဝေစစ်တပ်က ပြောပါတယ်။

နေတိုးနဲ့ မိတ်ဖက်နိုင်ငံတွေ လူပေါင်း ၃၀,၀၀၀ ပါဝင်တဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ V-22  Osprey အမေရိကန်စစ်လေယာဉ်လည်း ပါဝင်ခဲ့တာပါ။  အဲဒီလေယာဉ်ပေါ်မှာ ဝန်ထမ်းလေးဦး လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေဟာ အခင်းဖြစ်တဲ့နေရာကို သွားရောက်နေကြပြီး  ရှာဖွေကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေကြတယ်လို့ နော်ဝေအာဏာပိုင်တွေက ပြောပါတယ်။

လက်ရှိမှာတော့ ရာသီဥတုဆိုးရွားနေတာကြောင့် အခင်းဖြစ်တဲ့နေရာကို ဆင်းသက်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

မကြာသေးမီနှစ်တွေက V-22 Osprey အမျိုးအစားလေယာဉ်တွေ ပျက်ကျလို့  လူအမြောက်အများ သေဆုံးခဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ၂၀၁၇ခုနှစ်က ဩစတေးလျကမ်းလွန်မှာ MV-22 Osprey လေယာဉ်ပျက်ကျလို့ အမေရိကန် မရိန်းတပ်သား သုံးဦး သေဆုံးခဲ့ပါတယ်။