လူမှုကူညီရေးကား အသုံးပြုပြီး သွားလာနေတဲ့ စစ်အုပ်စု မိုင်းထိ

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်မှာ လူမှုကူညီရေးကားကို အသုံးပြုပြီး သွားလာနေတဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းထိမှန်ခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၁၁ရက်နေ့ မွန်းလွဲ ၁နာရီ ၁၅မိနစ်ခန့်မှာ လူမှုကူညီရေးကားကို အသုံးပြုပြီး သွားလာနေတဲ့ စစ်အုပ်စုကို ရွာသာကြီးကျေးရွာနဲ့ လှတောကျေးရွာအကြားမှာ ဝက်လက်မြို့နယ် အနောက်ခြမ်း ပကဖအဖွဲ့က ဦးဆောင်ပြီး ဗိုလ်ပျံလွှား ပြောက်ကျားအဖွဲ့နဲ့ CDF SHWEBOတို့ က ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ CDF SHWEBOက သတင်းထုတ်ပြန်ထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်အုပ်စုက ထိခိုက်သေဆုံးမှုရှိမရှိကိုတော့ သီးခြား သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်းမှာ အင်တာနက်ဖြတ်တောက်ပြီးနောက် ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူတာတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်။