ဥရောပပါလီမန်မှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြု

၁၁ ၊ မတ်လ ၊ ၂၀၂၂ ။

ဥရောပပါလီမန်မှာ မနေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ  မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို လွှတ်တော်အမတ်တွေက ထောက်ခံမဲ ၆၄၆ မဲ၊ ကန့်ကွက်မဲ ၁ မဲ၊ ကြားနေ မဲ ၂၀ နဲ့ အတည်ပြုလိုက်ပါတယ်။

 

၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့ စစ်အုပ်စုကို ဥရောပ လွှတ်တော်အမတ်တွေက ပြင်းပြင်းထန် ထန်  ရှုတ်ချလိုက်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး အရပ်သားအစိုးရကို အာဏာပြန်ပေးဖို့ အပြင် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့  ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။   

 

ဒါ့အပြင် စစ်တပ်က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်တာနဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ အပါအဝင် ကိုယ့်ပြည်သူအပေါ် ရက်ရက်စက်စက်နှိပ်ကွပ်မှုတွေ ကျူးလွန်နေတာကြောင့်  ဥရောပသမဂ္ဂက ပြင်ပြင်းထန်ထန် အရေးယူဒဏ်ခတ်တာကို ကြိုဆိုကြောင်းလည်း ဖေါ်ပြထားပါတယ်။

 

မြန်မာစစ်တပ်ဟာ အရပ်သားတွေကို နှိမ်နင်းရာမှာ ခုလပိုင်းတွေ အတွင်း အင်အားအလွန်အကျွံသုံး နှိမ်နင်းသလို ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ကျူးလွန်နေတာကြောင့် ယူကရိန်းအရေး နိုင်ငံတကာက အာရုံစိုက်နေချိန်မှာ မြန်မာကို မေ့မထားကြဖို့ ဥရောပကော်မရှင် အကြီးအကဲ Joseph Borrell ရဲ့ မှာကြားချက်ကို ဥရောပပါလီမန် မှာ EP ရဲ့ စံတန်ဖို့နဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ ဒုတိယအကြီးအကဲ Věra Jourová က ပြောကြားခဲ့ပါတယ်။

 

ဥ​ရောပပါလီမန်က​နေ မတ်လ (၁၀) ရက်​နေ့က ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ထဲမှာ NUG CRPH နဲ့ NUCC တို့ကို မြန်မာပြည်သူ​တွေရဲ့ ဒီမိုက​ရေစီဆန္ဒတွေကို ကိုယ်စားပြုတဲ့ တရားဝင်ကိုယ်စားလှယ်​​တွေအဖြစ်အသိအမှတ်ပြုဖို့ ​ထောက်ခံတဲ့အကြောင်း ဖော်ပြထားပါတယ်။ 

 

“ဥ​ရောပလွှတ်​တော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ NUCCကို အသိအမှတ်ပြုဖို့အွက် ​ထောက်ခံလာတာ ထူးခြားချက်ပါဘဲ။ မြန်မာနိုင်ငံအ​ပေါ်  အီးယူရဲ့ အ​ရေးယူ​ဆောင်ရွက်ချက်​တွေအား​ကောင်းဖို့ အစဥ်တစိုက်ကြိုးပမ်း​နေတဲ့ ဥ​ရောပလွှတ်​တော်အမတ်များကို ​ကျေးဇူးတင်ပါတယ်။” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။