စစ်အုပ်စုနဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲတွေကြောင့် လက်နက်ကြီးမကျရောက်နိုင်သော တောတွင်းတစ်နေရာသို့ ယမန်နေ့က ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ပူတာအိုမြို့နယ် စစ်ရှောင်ပြည်သူတွေ အစားအသောက်နဲ့ အဝတ်အထည်များ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအို လမ်းကိုလည်း ခရီးသည်တင်ဆောင်ခွင့် မပြုတာကြောင့် ဘယ်နေရာကို ထွက်ပြေးတိမ်းရှောင်ရမယ်ကို မသိဘူးလို့ ဆွမ်ပီယာန်ကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
“တောမှာက ဘယ်လိုမှကြာကြာနေဖို့ အဆင်မပြေဘူး။ ကိုယ်လွတ်ထွက်ပြေးလာတော့ ငတ်ယုံပဲ ရှိတော့တယ်။ ကားလမ်းတွေကလဲပိတ်။ လောလောဆယ်က တောမှာ ပိတ်မိနေပြီး ထွက်ပေါက်ပိတ်နေပြီ။” လို့ သူကပြောပါတယ်။
တိုက်ပွဲတွင်း ပိတ်မိနေတဲ့ ဆွမ်ပီယာန်ကျေးရွာ အင်စီးယာန်ကျေးရွာတွေက စစ်ရှောင်ပြည်သူစုစုပေါင်း ၄၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုတွေက ဆွမ်ပီယာန်ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ်ငါးလုံးထက်မနည်း ပျက်ဆီးခဲ့ပါတယ်။