ဒီမောဆိုနဲ့ဖယ်ခုံ မြို့နယ်ထဲက ပြည်သူ ၃၀၀၀ ကျော်ဟာ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့ကစပြီး အိုးအိမ်စွန့် ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ဒီမောဆိုနဲ့ဖယ်ခုံမြို့နယ်ထဲက ပြည်သူ ၃၃၇၀ ဦးတို့ဟာ ဒီမောဆိုအနီးတစ်ဝိုက်နဲ့ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ရပ်စောက်၊ ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်တွေဆီ အိုးအိမ်စွန့်ထွက်ပြေးကြရတာပါ။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ လူဦးရေ ၂၂၄,၂၀၀ လောက်ဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ လုံခြုံရေးအခြေအနေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
အဲဒီထွက်ပြေးခဲ့ကြရသူတွေထဲ ကယားပြည်နယ်က လူဦးရေ ၉၂,၄၀၀၊ ကရင်ပြည်နယ်မှာ ၆၈,၄၀၀၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၆၀,၅၀၀၊ မွန်ပြည်နယ်မှာ ၇,၅၀၀၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၂,၆၀၀နဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၈၀၀ လောက်ပါဝင်တယ်လို့ UNOCHA ကထုတ်ပြန်ပါတယ်။
တစ်ချိန်တည်းမှာပဲ လူဦးရေ ၇,၀၀၀ လောက်ဟာ မူလနေထိုင်ရာ နေရာတွေဆီ ပြန်လာခဲ့ကြပြီဖြစ်ပြီးအဲဒီ ပြန်လာကြသူတွေထဲမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကတည်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးလာရသူ ၄,၇၄၀ အပြင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်က ရှမ်းပြည်နယ်တောင်ပိုင်းဆီယာယီရွှေ့ပြောင်းနေထိုင်ရသူတွေ ပါဝင်တယ်လို့သိရပါတယ်။
အခုဖြစ်ပွားနေတဲ့ conflict dynamics အခြေအနေအရ ကယားပြည်နယ်အတွင်း ပြန်လာမှုတွေဟာ ယာယီဖြစ်ပြီး နေရပ်စွန့်ခွာထွက်ပြေးမှုတွေ ပြန်လည်ဖြစ်ပွားမယ်လို့ UNOCHA က ခန့်မှန်းပါတယ်။
ကရင်ပြည်နယ်၊ လေးကေကော်မှာ ဖေဖေါ်ဝါရီလ ၁၈ နဲ့ ၁၉ ရက်အတွင်း အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ရှောင်ပြည်သူ ၅,၀၀၀ လောက်နေထိုင်နေတဲ့ ယာယီစခန်းတွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်။
လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေဟာ လိုအပ်ချက်မြင့်တက်လာတဲ့ အစားအစာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ ရရှိရေးအတွက် မိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းကူညီပေးနိုင်အောင် ကြိုးစားနေတယ်လို့ သိရပါ တယ်။