မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်

Photo – AP
မြောက်ကိုရီးယားနိုင်ငံက ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သံသယဖြစ်ဖွယ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပင်လယ်အတွင်း ပစ်လွှတ်ဖောက်ခွဲခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန် အစိုးရပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ပွဲတော်ကာလအပြီး လက်နက် စမ်းသပ်ပစ်လွှတ်မှုတွေ ပြန်လည်လုပ်ဆောင်လာခြင်းလည်း ဖြစ်ပါတယ်။
ဒီနှစ်အတွင်း မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်ပစ်လွှတ်မှုတွေထဲမှာ ရှစ်ကြိမ်မြောက်ဖြစ်ပြီး၊ လက်နက်နည်းပညာ ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်နေတာပါ။ တစ်ချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုကြောင့် အမေရိကန် အလုပ်ရှုပ်နေချိန်မှာ လက်နက်စမ်းသပ်မှုတွေ အရှိန်မြှင့်လုပ်ဆောင်တာဟာ အမေရိကန်အစိုးရကို ဖိအားပေးနေတာပဲလို့ သုံးသပ်ကြပါတယ်။
တောင်ကိုရီးယားရဲ့ သမ္မတရုံးပူးတွဲဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ မြောက်ကိုရီးယားရဲ့ အရှေ့ဘက်ရေပိုင်နက်ထဲကို ကျရောက်ခဲ့တဲ့ အဲဒီ ပဲ့ထိန်းဒုံးလက်နက်ဟာ အကွာအဝေးနဲ့ အမြင့် ဘယ်လောက်ရှိတယ်ဆိုတာ တိတိကျကျ မဖော်ပြထားပေမယ့် ထပ်တိုးပစ်ခတ်မှုတွေ ရှိနိုင်တာကြောင့် တောင်ကိုရီးယားအနေနဲ့ စစ်ရေးအရ အသင့်အနေအထားရှိနေကြောင်း ဖော်ပြထားပါတယ်။
ဂျပန်ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ကတော့ အဲဒီဒေသတစ်ဝိုက်က ရေယာဉ်တွေအနေနဲ့ ကောင်းကင်ပေါ်က ကျလာတဲ့ အရာဝတ္ထုတွေကို သတိထားဖို့နဲ့ ဝေးဝေးရှောင်ဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ဇန်နဝါရီလအတွင်း မြောက်ကိုရီးယားက ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်မှု ၇ ကြိမ်ရှိခဲ့ပြီး ကင်မ်ဂျုံအန် နိုင်ငံ့အကြီးအကဲ ဖြစ်လာတဲ့ ၂၀၁၁ ခုနှစ်ကနေ လက်ရှိအထိ တစ်လအတွင်း အများဆုံး စမ်းသပ်ပစ်လွှတ်တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ နျူလက်နက်ဖြုတ်သိမ်းရေး ဆွေးနွေးမှုတွေ ရပ်ဆိုင်းနေခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။