မြောက်ကိုရီးယားရဲ့ အသံထက်ငါးဆပိုမြန်တဲ့ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုအောင်မြင်

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။

မြောက်ကိုရီးယားဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကြားကပဲ အသံထက် ငါးဆလောက် မြန်တဲ့ နျူကလီးယားစွမ်းအင်သုံး ဒုံးကျည်စမ်းသပ်မှုကို အောင်အောင်မြင်မြင်နဲ့ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ SkyNews သတင်းဌာနက ဖော်ပြပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်စမ်းသပ်မှု အောင်မြင်ခဲ့ကြောင်းကို မနေ့က ထုတ်ပြန်ပြောကြားခဲ့ပြီး ဒါဟာ နိုင်ငံအတွက် စစ်လက်နက်တီထွင်စမ်းသပ်မှုတွေထဲက အကြီးမားဆုံး စမ်းသပ်အောင်မြင်မှု တစ်ခုအဖြစ် ရှင်းလင်းပြောကြားခဲ့တာပါ။ 

စမ်းသပ်ခဲ့တဲ့ စွမ်းအင်မြင့်ဒုံးကျည်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာပြုလုပ်ခဲ့တဲ့ ကင်ဂျုံအမ်ဦးဆောင်တဲ့ အာဏာရပါတီ အစည်းအဝေးပွဲမှာ ချပြခဲ့ဖူးတဲ့ စွမ်းအင်မြင့် လက်နက်စာရင်းမှာ ပါဝင်နေခဲ့တာပါ။ 

ဟိုက်ပါဆွန်းနစ်မစ်ဆိုင်းဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ရဲ့ အဓိက လက်နက်စာရင်းမှာ ပါဝင်တဲ့ စွမ်းအင်မြင့် နျူကလီးယားလက်နက်ဖြစ်သလို အသံထက် ငါးဆလောက် ပိုမြန်ပါတယ်။  ဒီလက်နက် စမ်းသပ်မှုအောင်မြင်ခဲ့တဲ့အတွက်တော့ မြောက်ကိုရီးယားဘက်က ကြီးမားတဲ့ အောင်ပွဲအဖြစ် ရှုမြင်နေကြပါတယ်။

မြောက်ကိုရီးယားဗဟို သတင်းအေဂျင်စီ (KCNA) ကတော့ ဟိုက်ပါဆွန်းနစ်မစ်ဆိုင်း ပစ်လွှတ်စမ်းသပ်မှုဟာ နည်းပညာပိုင်းဆိုင်ရာအရပါ ချောချောမွေ့မွေ့ဖြစ်ခဲ့သလို ပြီးပြည့်စုံခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။